သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ တရားစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် အောက်တိုဘာ ၂၆ရက်နေ့က နေပြည်တော်ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။
တရားလိုတွေရဲ့မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ကောင်းကောင်းတုံ့ပြန်ဖြေကြားနိုင်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။
အမှုစစ်ဖြစ်တာမှန်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုရရှိဖို့တော့ ခက်ခဲတယ်လို့ ဆိုပါတယ်။ တရားလိုတွေဘက်က ဘာတွေမေးတယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာတွေပြန်ဖြေကြားတယ်ဆိုတဲ့ အကြောင်းအရာတွေကို အသေစိတ် မသိရသလို တရားရုံးက တစုံတရာ ထုတ်ပြန်တာလည်းမရှိခဲ့ပါဘူး။
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့မှာမူလက ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဦးသဲမောင်မောင်၊ ဒေါ်စန်းမာလာညွန့်နဲ့ ဒေါ်မင်းမင်းစိုးတို့ ၅ ဦးပါဝင်ခဲ့ပြီး ၅ ဦးစလုံးကို စစ်ကောင်စီက သတင်းထုတ်ပြန်ခွင့် ပိတ်ပင်ထားပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ရှေ့ဦးသန်းလှိုင်နဲ့ ဦးကျော်စိန်လွင်တို့ ၂ ဦး ရှေ့နေ့အဖွဲ့မှာ ပါဝင်လာခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာ ၅၀၅(ခ) အမှုအတွက် ရုံးချိန်းပြန်ခေါ်ထားပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို ဆက်လက်စစ်ဆေးသွားဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ရှေ့နေတွေကို ပြောဆိုခွင့်ပိတ်ပင်ခဲ့တဲ့အတွက် အမှုအခြေအနေအသေးစိတ်ကို ပြည်သူတွေ သိရှိရဖို့ခက်ခဲနေပါတယ်။
တရားဥပဒေကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေ၊ စွပ်စွဲချက်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။