စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ် နယ်ခြားဆိုင်းဘုတ်အနီးနဲ့ ဝါးတန်းကျေးရွာ အနီးမှာ အောက်တိုဘာလ ၆ ရက် နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု အတစ (ARA) ဗိုလ်ပေါက်စီက “ဒီနေ့ နေ့လယ်ခင်းမှာ အရာတော်-မုံရွာကားလမ်းမပေါ် ခြေရှုပ်သွားလာနေတဲ့ စစ်ယာဉ်တန်းကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်” လို့ အတည်ပြုပြောပါတယ်။
အရာတော်-မုံရွာ နယ်ခြားဆိုင်းဘုတ်အနီးမှာ မုံရွာဘက် ဦးတည်နေတဲ့ စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ၁ စီး ထိမှန်ခဲ့ပြီး ဒဏ်ရာရသူတွေ တင်ဆောင်ကာ အမြန်မောင်းပြေးသွား ခဲ့တယ်လို့ ဆိုပါတယ်။
နေ့လယ် ၂ နာရီလောက်မှာလည်း မုံရွာမြို့ဘက်ကလာတဲ့ စစ်ကား ၁၃ စီးကို ဝါးတန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ရာ ၂ စီးထိခိုက်သွားပြီး ကားချင်းဆင့်တိုက် ခဏ ရပ်တန့်သွားကြောင်း၊ ထိခိုက်မှုမရှိတဲ့ ကားတွေကတော့ အရှေ့ဘက်ကို ဆက်လက်မောင်းနှင်သွားတယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က သေဆုံး ဒဏ်ရာရ စာရင်းတွေကိုတော့ စုံစမ်းနေဆဲဖြစ်လို့ လတ်တလော မသိရသေဘူးလို့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက ပြောပါတယ်။