စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာပစ္စည်းတွေ၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ တင်ဆောင်လာတဲ့ အကြမ်းဖက် စစ်ရေယာဥ်အုပ်စုကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေကြောင်း ပွတ်လုံးပွတ်လန်တောင်ကွေ့ အနီးဝဲယာမှာ တိုက်ခိုက်မှု တစ်ကြိမ် စတင်ခဲ့ပြီး မျိုးချောင်းပေါက် ဆင်တော်ဝဲကွေ့မှာလည်း တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။
နောက်တစ်ကြိမ်မှာ မြွေပိုင်းတောင်အနီးမှာ တိုက်ခိုက်မှု တစ်ကြိမ်နဲ့ စုစုပေါင်း တိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကနီ PDF က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲ ၃ ကြိမ်မှာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော် ၅ ဦးမှာ ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ အခြေအနေ) ရှိခဲ့ပြီး ကျဆုံး၊ ပျောက်ဆုံး တော်လှန်ရေးရဲဘော်များ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရရှိမှု စာရင်းကို အတိအကျ မသိရသေးပေမဲ့ ဒီနေ့တိုက်ပွဲမှာ ဆုံးရှုံးမှု အများဆုံးတိုက်ပွဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။