ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မန်ခါ (မန်ကျောင်း)နဲ့ နမ့်ဆော့ကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁ ဦး တွေ့ရှိပြီးတဲ့နောက် ဆက်စပ်သူတွေကို ဆက်လက်စစ်ဆေးရာမှာ စက်တင်ဘာ ၉ ရက်အထိ နောက်ထပ် ၃၄ ဦး တွေ့ရှိပါတယ်။
ဒီမတိုင်ခင် စက်တင်ဘာ ၇ ရက်နေ့က မန်ခါရွာ စစ်ဘေးရှောင်စခန်းမှာ ၁၀ ဦးနဲ့ နမ့်ဆော့ရွာမှာ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရတာတွေ့ပြီးတဲ့နောက် ပြည်သူ့ကျန်းမာရေးဌာနက မနေ့က အဆိုပါစစ်ရှောင်စခန်းကို သွားရောက်စစ်ဆေးရာမှာ ၂ နေရာပေါင်း နောက်ထပ် ၃၄ ဦးတွေ့ရှိတာလို့ ကျောက်မဲခရိုင်ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဌာနမှူးလည်းဖြစ် ဆေးရုံအုပ်ကြီး လည်းဖြစ်တဲ့ ဒေါက်တာ ဦးကျော်မိုးထွန်းက ပြောပါတယ်။
“မနေ့တုန်းက ဆရာတို့က PCR နဲ့ စစ်ဖို့ အာခေါင်တို့ဖတ် ယူထားတာရှိတယ်။ ပြီးတော့ RTC နဲ့ ချက်ချင်းစစ်တာရှိတယ်။ ချက်ချင်းစစ်တဲ့ထဲက နမ့်ဆော့ရွာမှာ ၂၄ ယောက် positive တွေ့တယ်။ နောက်တခုက မန်ကျောင်း( မန်ခါ ) မှာ ၁၀ ယောက် ထပ်တွေ့တယ်၊ ဆိုတော့ကာ မနေ့က တွေ့တာ ၃၄ ယောက် ၊ ဟိုအရင်ရက်တွေက ၁၁ ယောက်တွေ့ထားတာနဲ့ဆိုရင် စုစုပေါင်း ၄၅ ယောက်ပေါ့ ၊ နောက်ပြီးတော့ အဲဒီစစ်ရှောင်စခန်း ၂ ခုက တို့ဖတ် နမူနာပေါင်း ၄၀၀ ကျော်ကို PCR စစ်ဖို့ ယူပြီး လားရှိုးဓာတ်ခွဲခန်းကို ပို့ထားပါတယ်၊ အဲဒါတော့ အဖြေမသိရသေးဘူး။”
စစ်ဘေးရှောင်စခန်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ လက္ခဏာပြပြီး နေမကောင်းသူတွေကို ကျောက်မဲဆေးရုံသို့လည်းကောင်း၊ ကျန်သူတွေကိုတော့ အားကစားရုံမှာ ယာယီဖွင့်လှစ်ထားတဲ့ ခရိုင် ကိုဗစ် - ၁၉ ကုသရေးစင်တာမှာ ထားရှိတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်စခန်း ၂ ခုလုံးကို ပိုးသတ်ဆေးတွေဖျန်းထားပြီး lockdown ချထားပေမဲ့ ဒုက္ခသည်တွေဟာ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့သာ စားသောက်နေရတာမို့ ကူညီထောက်ပံ့ မှုတွေသွားပေးမယ့်သူတွေကတော့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်နဲ့အညီ ဝင်ရောက်နိုင်တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ကျောက်မဲမှာရှိတဲ့ တခြားစစ်ရှောင်စခန်းတွေမှာလည်း နေမကောင်းတဲ့လက္ခဏာပြသူရှိရင် အားလုံးကို ဆက်လက်စစ်ဆေးကုသပေးသွားဖို့ရှိတယ်လို့ ဒေါက်တာဦးကျော်မိုးထွန်းက ပြောပါတယ်။
ကျောက်မဲခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး SSPP နဲ့ TNLA ပါတဲ့ တပ်ပေါင်းစုက တစ်ဘက်RCSS ကတစ်ဘက် နယ်မြေစိုးမိုးရေးပြဿနာနဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွာသားပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။