စစ်ကောင်စီ တပ်တွင်းဝါဒဖြန့် ကြေးနန်းစာဖတ်ပြခဲ့တဲ့ ဗိုလ်ကြီးတစ်ယောက်ကို ရဲဘော်တစ်ယောက်က သေနတ်နဲ့ ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု ချင်းပြည်နယ် မတူပီမြို့မှာ ဩဂုတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ တပ်တွင်းဝါဒဖြန့် ကြေးနန်းတစ်စောင်ကို မတူပီမြို့ ခလရ ၁၄၀ တပ်ရင်းက ဗိုလ်ကြီးတစ်ယောက် ဖတ်ပြနေစဉ် တပ်သားတစ်ယောက်က အယုံကြည်မရှိဘူးဆိုပြီး အော်ပြောကာ ကြေးနန်းဖတ်ပြတဲ့ ဗိုလ်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
ဒီနောက် အဆိုပါ တပ်သားက သူကိုယ်သူလည်း သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နှစ်ယောက်စလုံး သေဆုံးသွားခဲ့တယ်လို့ အဲဒီတပ်ကတပ်မတော်သားတစ်ယောက်က အတည်ပြုပြောပါတယ်။
အဲဒီကြေးနန်းကို စစ်ကောင်စီက ကက (ကြည်း)က တစ်ဆင့် တပ်တွေအားလုံးကို ဩဂုတ်လ ၂၉ ရက်မှာ တပ်တွင်း အာဏာဖီဆန် CDM လုပ်တဲ့ စစ်သည်တွေကို ထိန်းချုပ်ဖို့ ဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားမှာ CDM လှုပ်ရှားမှုထဲပါဝင်လာတဲ့ တပ်မတော်သား ၁၅၀၀ ကျော်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရက CDM ကုတ်နံပါတ်တွေကိုထုတ်ပေးနေပါတယ်။