စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်မှာနေထိုင်တဲ့ NLD ရပ်/ကျေးစည်းရုံးရေးမှူးတစ်ဦးကို ဩဂုတ် ၂၈ ရက် နေ့လယ် ၂ နာရီလောက်က စစ်တပ်ကလို့ ယူဆရတဲ့ အရပ်ဝတ် လက်နက်ကိုင်တွေက ကားတစ်စီး ဆိုင်ကယ် ၆ စီးနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ဦးလှမြင့်က ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ရပ်ကျေးစည်းရုံးရေးမှူး လုပ်ခဲ့ဖူးတယ်၊ လတ်တလော ဘာမှလှုပ်ရှားတာ မရှိပါဘူး။ အခုတော့ သူတို့မိသားစုက ပျံကျစျေးဗန်းလေးနဲ့ စျေးရောင်းပြီး ဝမ်းစာအတွက် ရုန်းကန်နေရတာဗျ။ ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးဘူးဗျ။ သူတို့က ဖမ်းပြီးမှ ခေါင်းစဥ်တပ်လေ့ရှိတာဆိုတော့ ပြောရခက်တယ်။ ပြီးတော့ အောင်ချမ်းသာရပ်ကွက်ထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အိမ်ရှေ့က NLD ရပ်ကျေးဆိုင်းဘုတ်ကိုလည်း လာဖြုတ်သွားတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ထဲက ဦးလှမြင့် အပါအဝင် ၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၆ ဦး ပြန်လွှတ်ပေးခဲ့ပေမဲ့ ဦးလှမြင့်ကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ခင်ဦးမြို့မှာ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း မြို့နယ် NLD ရုံးကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့သလို့ ဩဂုတ် ၂၇ ရက်နေ့ကလည်း ခင်ဦးမြို့မ ဗလီအတွင်းဝင် ရောက် ရှာဖွေကြခဲ့ကြတယ်လို့ သိရပါတယ်။