ပြင်ဦးလွင် မြို့မဈေးကြီးမှာ ခေတ္တယာယီပိတ်ထားရတဲ့ ဆိုင်ခန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို စိစစ်ထုတ်ပေးမယ်လို့ ပြင်ဦးလွင်မြို့မဈေးအကျိုးတော်ဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆိုင်ခန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတွေ ထုတ်ယူလိုပါက ဈေးလုံခြုံရေးထိခိုက်မှု မဖြစ်ပေါ်စေဖို့ စနစ်တကျ စိစစ်ထုတ်ပေးမှာဖြစ်ပြီး ပစ္စည်းထုတ်ယူလိုတဲ့ ဆိုင်ခန်းရှင်တွေက ဈေးအကျိုးတော်ဆောင်ရုံးကို သြဂုတ် ၂၆ ရက် (တစ်ရက်တည်းသာ) မနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း လာရောက်စာရင်းပေးဖို့ အသိပေးထားပါတယ်။
ပစ္စည်းထုတ်ယူလိုတဲ့ ဆိုင်ခန်းရှင်တွေဟာ ဆိုင်ခန်းရှင်အမည်၊ ဆိုင်အမည်/ဈေးရုံနဲ့ ဆက်သွယ်ဖို့ ဖုန်းစတဲ့ အချက်အလက်တွေကို ကြိုတင်စာရင်းရေးသွင်းရမှာဖြစ်ပြီး ပစ္စည်းထုတ်ယူရမယ့်ရက်ကို ပြင်ဦးလွင်မြို့မစျေးကြီး အကျိုးတော်ဆောင်အဖွဲ့က ပြန်လည်ကြေညာပေးမှာ ဖြစ်ပါတယ်။
ကုန်နဲ့ပစ္စည်းတွေ သယ်ယူရာရာမှာ လူစုလူဝေးမဖြစ်စေဖို့နဲ့ mask တွေ စနစ်တကျတပ်ဖို့ အမြဲ သတိပေးဆော်သြထားပါတယ်။
ပြင်ဦးလွင်မြို့မဈေးကြီးရှိ စားသောက်ကုန်တန်း၊ အသီးအရွက်တန်းနဲ့ သားငါးတန်းတွေကို သြဂုတ် ၂၄ ရက်ကစတင်ပြီး မနက် ၆ နာရီမှ ၁၂ နာရီထိ အချိန်ပြောင်းလဲကာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားတယ်လို့ သိရပါတယ်။