မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ကညင်အိုင်ကျေးရွာမှာ ဩဂုတ် ၂၁ ရက် မနက်ပိုင်းက အမျိုသား ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားပါတယ်။
အသက် ၆၀ နှစ်အရွယ် ဦးအေးဝင်းဟာ စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများသူဖြစ်ပြီး ကညင်အိုင်ကျေးရွာရှိ သူ့ရဲ့နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်မှာ ဈေးရောင်းနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုက်ကယ်နဲ့ လာရောက်ပြီး ပစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူ ဦးအေးဝင်းဟာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အနီးအနားမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုဖြစ်စဉ်အပါအဝင် သိမ်ဇရပ်မြို့မှာ ၄ ရက်အတွင်း စစ်ကောင်စီ သတင်းပေး ဒလန် ၂ ဦး ပစ်သတ်ခံရတာပါ။ ဩဂုတ် ၁၇ ရက်ကလည်း စစ်ကောင်စီသတင်းပေးလို့ လူသိများတဲ့ ဦးသိန်းဝင်း သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။