မန္တလေးတိုင်း မတ္တရာမြို့မှာ သြဂုတ် ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်က တံငါတောင်ရွာမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် ၂ ဦး သေဆုံးပြီး ၃ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “စစ်သားတွေက အင်အားများတယ်၊ ညနေ ၆ နာရီလောက်ကတည်းက ပတ်နေတာ၊ ၇ နာရီလောက်ရောက်တော့ ပစ်သံတွေကြားရတယ်။ အချက်ရေ တော်တော်များတယ်၊ အပြန်အလှန်ပစ်သံပါကြားရတာ” လို့ ဆိုပါတယ်။
ဒလန် သတင်းပေးတာကြောင့် လာရောက်ဖမ်းဆီးတာဖြစ်နိုင်ပြီး စစ်ကောင်စီဘက်က အင်အားများကာ လူငယ်အဖွဲ့က ၅ ဦးပဲရှိတာကြောင့် ခုခံပစ်ခတ်ပေမယ့် အင်အားမမျှတဲ့အတွက် ၂ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ဒလန် သတင်းပေးတာကြောင့် ဖြစ်မယ်၊ ကျနော်တို့လည်း အသံပဲကြားရတာ၊ ဘယ်သူမှလည်း ထွက်မကြည့်ရဲဘူးလေ။ အကုန်လုံးက လျှို့ဝှက်ပြီး လုပ်နေကြတာဆိုတော့ အသေးစိတ်မသိဘူး။”
စစ်ကောင်စီဘက်က စစ်ကား ၁၅ စီးခန့်နဲ့ လာရောက်ပစ်ခတ်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးခံရသူ ၃ ဦးထဲမှာ CDM ရဲတစ်ဦးပါတယ်လို့ သိရပါတယ်။ ပစ်သတ်ဖမ်းဆီးခံရတဲ့လူငယ်တွေကို PDF အဖွဲ့ဝင်တွေလို့ ဒေသခံတွေက ဆိုကြပေမယ့် အတည်ပြုလို့မရသေးပါဘူး။