မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၆ လမ်း ပတ်ဝန်းကျင်မှာ ဩဂုတ် ၂၀ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားပါတယ်။
စစ်ကောင်စီတပ်တွေက လမ်းထဲဝင်ရောက်လာပြီး ပစ်ခတ်ခဲ့တာကြောင့် သူ့ရဲ့ နေအိမ်ရှေ့မှာ ထိုင်နေတဲ့အဆိုပါအမျိုးသားဟာ ခါးကို ကျည်ဆန် ရှပ်မှန် ဒဏ်ရာရသွားတာဖြစ်ပြီး လူမှုကူညီရေးအသင်းက သူ့ကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ တစ်ဦးက ပြောပါတယ်။
“သေနတ်ပစ်သံတော့ကြားတယ်။ သူခိုးတွေကို ဖမ်းရင်း လိုက်ပစ်တာလို့ ပြောတယ်။ သေနတ်မှန်တဲ့သူက ကျည်က ထောက်ပြီး မှန်တာတဲ့။ သေတော့မသေဘူး။ သူခိုးတွေတော့ ဖမ်းမိတယ်လို့ ကြားတယ်။”
မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါအကြောင်းပြပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားကာ စစ်ကောင်စီတပ်သားတွေဟာ တားဆီစစ်ဆေးတာတွေ လုပ်နေပါတယ်။ သတ်မှတ်အချိန် ကျော်လွန်အပြင်ထွက်တဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်သားတွေဟာ ခြိမ်းခြောက်တာ အပြင် ရိုင်းစိုင်းစွာ ဆဲဆိုတာတွေ၊ လက်ပါ တာတွေအထိ ရှိတယ်လို့ သိရပါတယ်။