စစ်ကိုင်းတိုင်း မြောင်မြို့နယ် မရိုးကုန်းရွာက စစ်ကိုင်းခရိုင်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၉ ရက်နေ့မနက်က ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ကားနှစ်စီးနဲ့ မရိုးကုန်းရွာကို ရောက်လာပြီး ရွာထဲဝင်ရောက် မွှေနှောက် ဖျက်ဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
နေအိမ်တွင်း စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးတာ ၄ ကြိမ်ရှိပြီလို့ စစ်ကိုင်းခရိုင် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုဗိုလ်ဗိုလ်ခိုင်က ပြောပါတယ်။
“စိတ်တိုင်းကျကို ဖျက်နေကြတာ။ ပထမတစ်ကြိမ်က မီတာပေါက်တွေ၊ ဗီတိုတွေ အကုန်ဖျက်သွားတာ။ အခုအကြိမ်ကတော့ စဉ့်အိုးတွေ၊ အရင်က ဖျက်လို့ ကျန်ခဲ့တဲ့ ပစ္စည်းမှန်သမျှ အကုန်ဖျက်ဆီးတာပေါ့။ ဘာကြောင်ဆိုတာကတော့ဗျာ ပြည်သူ့အစိုးရလက်ထက်တုန်းကတော့ ကိုဝေမိုးနိုင်တို့နဲ့ စစ်ကိုင်းတိုင်း လူငယ်ရေးရာအလုပ်တွေ အတူတွဲလုပ်ဆောင်တာတွေရှိတာပဲ။ ကျန်တာကတော့ ဘာမှမလုပ်ဘူးဗျ။ အခုလက်ရှိအချိန်မှာတော့ မိသားစုလိုက်ရှောင်နေရတယ်။”