အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင် နည်းလမ်းမျိုးစုံနဲ့ ပံ့ပိုးကူညီနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/အသွင်ပြောင်းပြည်သူ့စစ် (PNO/PNA) လုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်တွင်း/ပြည်ပရှိ ပအိုဝ်း ကျောင်းသားလူငယ်နဲ့ အရပ်ဘက်အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းပြီး ဒီနေ့ သဘောထားထုတ်ပြန်ပါတယ်။
ဒါ့အပြင် PNO/PNA လုပ်ရပ်တွေဟာ ပအိုဝ်းတစ်မျိုးသားလုံးနဲ့ မသက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။
လက်ရှိ PNO/PNA ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်(ကယား)မှာ အခြေပြုတဲ့ ဒေသခံ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (PNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ထိုးစစ်ဆင်နေတာကိုလည်း ပြင်းထန်စွာကန့်ကွက်တယ်လို့ ဆိုပါတယ်။ထုတ်ပြန်ချက်ကို ဒီမိုကရေစီလိုလားတဲ့ ပအိုဝ်းလူငယ်အဖွဲ့တွေဖြစ်တဲ့ အမေရိကန်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကရင်နီပြည်၊ ရန်ကုန်၊ Gen-Z၊ တက္ကသိုလ်ပေါင်းစုံ ပအိုဝ်းသူ/ကျောင်းသားများအဖွဲ့ချုပ်၊ ဖက်ဒရယ်ဒီမိုကရေစီလိုလားသော ပအိုဝ်းလူငယ်အင်အားစုများနဲ့ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းထုတ်ပြန်လိုက်တာပါ။