Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူပေါင်း ၁ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ
DVB
·
August 18, 2021

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှာ လူပေါင်း ၁ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ကယား(ကရင်နီ)ပြည်ထဲမှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကြောင့် လူသားချင်းစာနာမှုအခြေအနေဟာ ပိုဆိုးရွားလာနေပြီး လူထုအသိုင်းအဝိုင်းနဲ့ စစ်ရှောင်စခန်းတွေမှာ ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့အပြင် အကူအညီ လိုအပ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကယားနဲ့ ကရင်ပြည်နယ်တို့မှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေပြီး ကယားပြည်နယ် နန့်ဖီးဒေသက လူပေါင်း ၄၀ဝဝ လောက် နေရပ်ရွှေ့ပြောင်းလာရတယ်လို့ ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီရုံး (UNHCR) ရဲ့ ခန့်မှန်းချက်အရ တိုက်ပွဲနဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက လုံခြုံရေးအခြေအနေတွေကြောင့် လူဦးရေ ၁၅၄၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ကယားမှာ ၈၆၀၀၀၊ ကရင်မှာ ၄၇၄၀၀၊ ရှမ်းတောင်ပိုင်းမှာ ၂၀၃၀၀၊ မွန်ပြည်နယ်မှာ ၁၁ဝဝ လောက် ပါဝင်တယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါ၊ ကျေးသီး၊ မိုင်းကိုင်မြို့နယ်တို့မှာလည်း ဇူလိုင်လလယ်လောက်ကတည်းက နေရပ်စွန့်ခွာတာ၊ မူလနေရာကို ပြန်လာတာတွေရှိနေပြီး ၂၀၂၁ နှစ်စကတည်းက လူပေါင်း ၂၄၉၅ဝ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသလို မြို့နယ် ၅ ခုမှာ လူ ၅၀ဝ၀ လောက်ဟာ ယာယီစခန်းတွေမှာ ဆက်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာတော့ ထပ်ပြီး နေရပ်စွန့်စွာရတာတွေ မကြားရဘဲ လူဦးရေ ၇၈ဝဝ လောက်ဟာ မြို့နယ်  ၈ ခုက ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ လိုပါတယ်။

မေလနဲ့ ဇွန်လတို့မှာ ချင်းပြည်နယ်က မြို့နယ် ၅ ခု၊ မကွေးတိုင်း ဆောမြို့ နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့က ယာယီစခန်း ၁၀၀ မှာ လူဦးရေ ၁၉၀၀၀ လောက် နေထိုင်နေကြရပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က လူပေါင်း ၉၅ဝဝ လောက်ဟာလည်း ယာယီစခန်းတွေမှာ နေထိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်နေပြီး လူသားချင်းစာနာမှု လုပ်ငန်းတွေဟာ သွားလာခွင့်၊ ငွေကြေးအခက်အခဲနဲ့ ကိုဗစ်ကြောင့် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခက်အခဲဖြစ်လာတဲ့ လူဦးရေ ၂ သန်းအပါအဝင် လူပေါင်း ၃ သန်းဆီကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ ဦးတည်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024