မကွေးတိုင်း၊ ရေစကြိုမြို့က ငါးရာပြည့်ရပ်ကွက်ရှိ အမှတ်-၇ နယ်မြေ မြို့မရဲစခန်းဝင်းထဲမှာ သြဂုတ် ၁၆ ရက် ဒီညနေ ၃ နာရီဝန်းကျင်လောက်က ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ဗုံးပေါက်တဲ့အသံ အကျယ်ကြီး ကြားလိုက်တယ်။ ရဲစခန်းဝင်းထဲကဆိုတော့ ဘာတွေ ဖြစ်ကုန်တယ်ဆိုတဲ့သတင်း မကြားရဘူး။ (--) သေကုန်မှ နားအေးမှာ။ PDF ကလုပ်တာဆိုရင်လည်း ကလေးတွေ အန္တရယ်ကင်းအောင်လုပ်ကြပါလို့” ဒေသခံပြည်သူတဦးက ပြောပါတယ်။
အမှတ် ၇ နယ်မြေ မြို့မရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိက လက်ခံဖြေဆိုဖို့ ငြင်းဆိုတဲ့အတွက် ထိခိုက်ပျက်စီးမှုကို အတည်မပြုနိုင်သေးပါဘူး။
ရဲစခန်းအတွင်း ဗုံးပေါက်ကွဲပြီးတဲ့နောက်မှာ ရဲနဲ့ စစ်သားတွေဟာ ရေစကြိုမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေစကြိုမြို့ အမှတ်-၇ နယ်မြေ မြို့မရဲစခန်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က သူတို့လက်ချက်လို့ ထုတ်ဖော်ကြေညာထားပြီး စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ ဆက်လက် ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။