စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာမ ၃ ဦးနဲ့ တခြားအရပ်သား ၆ ဦး စုစုပေါင်း ပြည်သူ ၉ ဦး တို့ကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၄ ရက်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာမတွေကို ကလေးမြို့ပေါ်မှာပဲ ဖမ်းဆီးခဲ့ပြီး အမျိုးသား ၆ ဦးကိုတော့ ရာဇဂြိုဟ်ရွာမှာ ဖမ်းဆီးခဲ့တာပါ။
"CDM လုပ်ထားတဲ့ ဆရာမ ၃ ဦး မနေ့က ညနေပိုင်းမှာ အဖမ်းခံလိုက်ရတယ်။ ဘာကြောင့်ဖမ်းတယ်လို့တော့ မသိရဘူး။ အဖမ်းခံရတဲ့ ဆရာမ ၃ ယောက်ထဲက တစ်ယောက်က ချင်းလူမျိုး ဆရာမပါ”လို့ ကလေးမြို့ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ကလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေကို စစ်ကောင်စီတပ်တွေက ဥပဒေမဲ့သတ်ဖြတ်တာတွေရှိနေပြီး အခုလည်း ဒလန်တွေက သူတို့နဲ့ပုဂ္ဂိုလ်ရေး မတည့်သူတွေကို သတင်းပေးဖမ်းဆီးခိုင်းတာတွေလည်းရှိတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
“ရာဇဂြိုလ်ရွာက ရွာသားတွေ ဖမ်းခံရတယ်ဆိုတာ အခုမှ သိရတာ။ စုစုပေါင်း ၆ ဦး။ ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ မိသားစုဝင်တွေက မသိဘူးလို့ ပြောတယ်။ အဖမ်းခံရတာတော့ မနေက ညနေပိုင်းက ဖမ်းသွားတယ်” လို့ နယ်မြေခံ ရွာသား တစ်ဦးက ပြောပါတယ်။
ကလေးမြို့ဟာ နိုင်ငံအာဏာကို တရားမဝင်သိမ်းယူထားတဲ့ စစ်အာဏာရှင်ကို နေ့စဉ် ဆန့်ကျင်ဆန္ဒပြနေတဲ့ မြို့ဖြစ်ပါတယ်။