ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း သြဂုတ် ၁၈ ရက်နေ့အထိ သေဆုံးသူ ၈၀ ကျော်ရှိပြီလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၅၀၀ကျော်ရှိပြီး သေဆုံးသူ ၈၆ ဦးရှိတယ်လို့ ဆိုပါတယ်။
မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ကိုဗစ်-၁၉ ကူးစက်ခံရသူကတော့ နေ့တိုင်းရှိတယ်။ ဒီနေ့ ဆေးရုံက ၁၃ ဦးကိုစစ်ဆေးတာ ၈ ဦးမှာ ပိုးတွေ့ခဲ့ရတယ်။ ဒီနေ့ ၃ ဦးသေတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းတာလည်း ၃ ဦးရှိတယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများကို ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ ကူးစက်ရောဂါကုသဆောင်မှာ ဆေးကုသပေးနေပါတဘ်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ ရောဂါကူးစက်ခံရသူ ၅၅၀ ဦး၊ ကုသဆဲလူနာ ၉၀ နဲ့ ရောဂါပျောက်ကင်းလို့ဆေးရုံကဆင်းသူ ၃၇၄ ဦးရှိပြီလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။