မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်အနီး ရဲဝန်ထမ်းအိမ်ရာမှာ သြဂုတ် ၁၃ ရက် ည ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်နားက ရဲမိသားစုတွေနေတဲ့ လိုင်းခန်းမှာပေါက်တာ။ ဘာတွေဖြစ်သွားလည်းတော့ မသိဘူး။ စစ်ကားတွေရောက်လာပြီး လမ်းတွေပိတ်ပြီး လမ်းသွားလမ်းလာတွေ စစ်နေတာမြင်တယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကို ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ရဲဝန်ထမ်းအိမ်ရာနဲ့ ဇူလိုင် ၂၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်တို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
အခုဗုံးခွဲတိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးနယ်မြေတပ်မတော်က ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။