Home
ဆောင်းပါး
စစ်ပဒေသရာဇ်နိုင်ငံတော် တည်ဆောက်မလို့လား
DVB
·
August 10, 2021

၂၀၂၁ ခု ဖေဖေါ်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတော့ မြန်မာပြည်သူအတော်များများ တုန်လှုပ်သွားကြတယ်။ တချို့တော့လည်း “ဒီအပင်ကပေါက်ရင် ဒီ‌အပွင့်နဲ့ ဒီအသီးပဲ လာမှာပေါ့” ရယ်လို့ဆိုကြတယ်။ တချို့ကတော့ “စစ်တပ်က သူတို့ မလိုလားတဲ့ အစိုးရတက်တိုင်း အကြောင်းရှာပြီး အာဏာသိမ်းတတ်တာဟာ ရိုးနေပြီ” လို့ဆိုကြတယ်။

တကယ်တော့ စစ်တပ်ကအာဏာသိမ်းတာဟာ ဒီတကြိမ်ရောဆိုရင် အနည်းဆုံး (၅ ) ကြိမ်ရှိပြီလို့ သုံးသပ်ကြတယ်။  ပထမတကြိမ်က ၁၉၅၈ ခုနှစ်။ ဒါကိုတော့ အစမ်း အာဏာသိမ်းခြင်း လို့ဆိုကြတယ်။ ဒုတိယအကြိမ် အာဏာသိမ်းတာက ၁၉၆၂ ခုနှစ်။ ဒီအချိန်ကစပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက် လုံးလုံးကြီးကျရောက်ခဲ့တယ်လို့ဆိုပါတယ်။ တတိယအကြိမ်အ အာဏာသိမ်းတာက ၁၉၈၈ခု။ ဒါကအားလုံး အငြင်းပွားစရာမရှိလက်ခံပြီးသား။ စတုတ္ထအကြိမ်အာဏာသိမ်းတာက ၁၉၉၀ လို့ဆိုရမှာပါ။

၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမအပ်ချင်တော့ ဗိုလ်စောမောင်လက်ကနေ ဗိုလ်သန်းရွှေကအာဏာသိမ်းတာပဲ။ သာမန်ကြည့်ရင် ဗိုလ်စောမောင်လက်ကနေ ဗိုလ်သန်းရွှေအာဏာသိမ်းတယ်ဆိုပေမယ့် တကယ်တော့ ၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လက်အပ်ရမယ့်အာဏာကို စစ်တပ်က သိမ်းယူလိုက်တာပါပဲ။ လေးကြိမ်လုံး စစ်တပ်ကပဲ အာဏာသိမ်းခဲ့တာပါ။

အခုတကြိမ် ၂၀၂၁ ခု ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်မင်းအောင်လှိုင်အာဏာသိမ်းလိုက်တာလည်း စစ်တပ်က သိမ်းတာပဲမဟုတ်လား။ စစ်တပ်အာဏာသိမ်းတဲ့အကြိမ်တိုင်း ဥပဒေမဲ့ လုပ်ရပ်ကိုလုပ်ခဲ့တာပါ။ တကယ်တော့ စစ် တပ်က အာဏာသိမ်းယူခြင်းဟာ “၅” ကြိမ်တိတိရှိခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းကတင် (၂) ကြိမ် အာဏာ သိမ်းယူခံခဲ့ရတာပါ။ ဒါဟာနောင်တချိန်သမိုင်းမှာ အထင်ကရတင် ကျန်ရစ်ခဲ့မယ့် မှတ်တမ်းတွေပါ။

ဒီမှာစဉ်စားစရာတချက်ရှိတာက ‘စစ်တပ်က ဘာလို့အာဏာကို အကြိမ်ကြိမ်သိမ်းယူကြသလဲ’ ဆိုတာပါ။ သာမန်ကြည့်ရင်တော့ ‘သူတို့အကျိုးစီးပွားအတွက် ကာကွယ်တဲ့အနေနဲ့ သိမ်းယူတာပဲ’လို့ ဖြေကြမှာပါ။ မမှန်ဘူးလား ဆိုရင်မှန်ပါတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ အပြည့်အဝမမှန်နိုင်ပါဘူး။ အကြောင်းအချက်များစွာရှိနေနိုင်ပါတယ်။ စစ်တပ်ဟာ “လွတ်လပ်ရေးကို ငါတို့ယူပေးခဲ့ရလို့ ငါတို့သာ အုပ်ချုပ်ရမယ်”ဆိုတဲ့အမြင်လည်း ရှိနေခဲ့တာပဲ။

ဒီအမြင်ကနေ မြစ်ဖျားခံအစပြုခဲ့တာလို့လည်းဆိုနိုင်ပါတယ်။ ဒါဆိုရင် ဒီအမြင် ဘယ်ကနေအစပြုခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ဖို့လိုပါတယ်။ ဒီအမြင်ဘယ်ကစခဲ့သလဲ။ ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်တို့ တကျော့ပြန်အုပ်ချုပ် တဲ့အချိန်ကတည်းက စခဲ့တယ်လို့ယူဆစရာ အကြောင်းရှိလာပါတယ်။ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံကနေ ဂျပန်တပ်ကြီး ဆုတ်ခွာသွားချိန် အင်္ဂလိပ်ရဲ့ စစ်အုပ်ချုပ်ရေးကာလကတည်းက မြန်မာ့တော်လှန်ရေး အင်အားစုတွေကြားထဲမှာ စစ်တပ်က  မြန်မာနိုင်ငံကို လက်ဝါးကြီးအုပ်လိုတဲ့ အရိပ်အယောင်စတွေ့လာရတာပဲ။ ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ဩဂုတ်လမှာ ကျင်းပတဲ့ စတုတ္ထအကြိမ် လူထုစည်းဝေးပွဲကြီးမှာလည်း စစ်ဝါဒကြီးစိုးမလာရေးအတွက် ဟောပြောခဲ့တယ်။ သတိပေးပြောခဲ့သေးတယ်။

စတုတ္ထအကြိမ်မြောက်နိုင်ငံခေါင်းဆောင်များ အစည်းအဝေးပွဲမှာလည်း “ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ် တော်က အုပ်စိုးခွင့်ရှိရမယ်”လို့ ထပ်မံသတိပေးပြောကြားခဲ့သေးတယ်။ ဒါအပြင် မြန်မာနိုင်ငံဖွဲ့စည်းပုံရေးဆွဲဖို့ ပြင် ဆင်ကြတဲ့အချိန်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းက ထပ်မံသတိပေးပြန်ပါသေးတယ်။ သူ့ရဲ့ ‘ဖဆပလ ပဏာမပြင် ဆင်မှုညီလာခံမှာပေါ့။ 

သူက “လွတ်လပ်တဲ့ ဗမာပြည်မှာ ဒီလိုအဖွဲ့မျိုးဟာ ‘စစ်သဘောဆောင်နိုင်ငံရေးပါတီ’မျိုး ဖြစ်တတ်ပြီး ဖြစ်လာတဲ့အခါ ဖက်ဆစ်ဝါဒတွေ မွေးမြူလာတတ်တယ်။ ( ကြံ့/ဖွံ့ပါတီနဲ့ချိန်ထိုးကြည့်လေ) ဒါကိုကောင်းကောင်းသတိပြုရမယ်”လို့ အခြေခံမူမရေးဆွဲခင်မှာ ထပ်မံသတိပေးခဲ့ပါသေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ထဲမှာ‘ဘီအိုင်အေ’ကာလကတည်းက နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ စစ်တပ်ကဝင်ရှုပ်မှာကို အလွန်အစိုးရိမ်ကြီးခဲ့တာ။ ဒီအကြောင်းကို‌ ကြေးမုံဦးသောင်းက “ဗိုလ်နေဝင်း ရှုပ်သမျှ” ဆိုတဲ့စာအုပ်မှာ “၁၉၄၂ ခုနှစ် ဂျွန်လ (၅)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်ရေးထိုး၍ ဘီအိုင်အေများ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကိစ္စကို ဆောင်ရွက်ခြင်းမပြု”လို့ အမိန့်ထုတ်ရလေသည်”လို့မှတ်တမ်းတင်ခဲ့တယ်။ အခုတော့ ဗိုလ်ချုပ် အောင်ဆန်းစိုးရိမ်ခဲ့တဲ့အတိုင်း ဖြစ်လာခဲ့တော့တာပါပဲ။

ဒါတွေကိုလေ့လာကြည့်ခြင်းအားဖြင့် မြန်မာတပ်မတော်ဟာ သန္ဓေတည်ကတည်းက နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကို ဝင်ရောက်ပါဝင်ပတ်သက်လာတယ်။ ဒါကလည်းအဲ့ဒီအချိန်က အဲ့ဒီခေတ်က ဂျပန်နိုင်ငံကို အားကျစိတ်ဝင်ပြီး အရာရာဝင်စွက်ချင်တဲ့ ‘ဗီဇစိတ်ရိုင်း’ ပါခဲ့တယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးစမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တိတိကျကျကြီး ဝင်ရောက်စွက်ဖက်ခြင်းမပြုပေမယ့် ပြည်တွင်းစစ်ကိုအကြောင်းပြုပြီး “စစ်ဘောင်ချဲ့ထွင်” ဖို့  အစပျိုးလာခဲ့ပါတော့တယ်။

အဲ့ဒီအချိန်ကစပြီး စစ်တပ်ဟာ သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံရဲ့ကယ်တင်ရှင်အဖြစ်ယူဆလာခဲ့တယ်။ မြန်မာပြည်နိုင်ငံရေးကို ‘စစ်ဘောင်သွတ်သွင်း’ဖို့လုပ်ဆောင်လာခဲ့ပါတော့တယ်။ ကရင်သူပုန်ကိုအကြောင်းပြုပြီး အဲ့ဒီအချိန်က ကာ/ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစမစ်ဒွန်းကို တပ်ကနေထွက်ခွာအောင်လုပ်လိုက်တယ်။ စမစ်ဒွန်းနေရာကို ဗိုလ်နေဝင်းက နေရာယူလိုက်တယ်။ ဗိုလ်နေဝင်းကို ဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ဝန်ကြီးရာထူးသာမက ဒုတိယဝန်ကြီး ချုပ်ရာထူးပါပေးလိုက်ရတယ်။

ဒီအချိန်ကစပြီးအစိုးရအဖွဲ့ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှု စတင်ခံလာရတယ်လို့ဆိုရမှာပါ။ စစ်တပ်က အရာရာကိုလွှမ်းမိုးချုပ်ကိုင်ဖို့ စိုင်းပြင်းလာတာကို တွေ့လာရတယ်။ ဗိုလ်နေဝင်းနဲ့ စစ်တပ်အုပ်စုရဲ့ ဗိုလ်ကျလွှမ်းမိုးတာကို မခံနိုင်တဲ့အဆုံး ၁၉၄၉ ခု ဧပြီလထဲမှာ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ ဗိုလ်နေဝင်းဒဏ်မခံနိုင်လို့ နုတ်ထွက်စာတင်ခဲ့ကြတယ်။

ဒီအကြောင်းကို ကြေးမုံဦးသောင်း ကမှတ်တမ်းတင်ခဲ့တာက “နုတ်ထွက်စာတင်တဲ့ဝန်ကြီးတွေက ‘ဗိုလ်နေဝင်းက ဝန်ကြီးတွေကိုခဏခဏ ကြိမ်းမောင်းပါတယ်။ သူ့ရဲ့စစ်တပ်ဟာ ဝန်ကြီးတွေ မွေးထားတဲ့အိမ်စောင့်ခွေးတွေမဟုတ်ဘူး။ သူ့ရဲ့တပ်က အသေခံပြီးဝန်ကြီးတွေကို စောင့်မပေး နိုင်ဘူး။ ဒီတော့ သူပုန်တွေနဲ့ပေါင်းပြီး အစိုးရဖွဲ့ကြပေတော့” လို့ ပြောကြောင်း ဝန်ကြီးချုပ်ဦးနု ကိုတိုင်ကြတယ်။”လို့ ဖေါ်ထုတ်ရေးသားခဲ့ပါတယ်။

ဒီအချက်ကိုကြည့်ရင် ဗိုလ်နေဝင်းဟာ စစ်တပ်ကို သူ့ကိုယ်ပိုင်တပ် အဖြစ်သိမ်းပိုက်ခြင်းကိုစတင်လုပ်ဆောင် လိုက်တာကိုတွေ့နိုင်တယ်။ နောက်တချက်ကတော့ ပြည်တွင်းစစ်ကိုလက်ညှိုးထိုးပြီး သူအာဏာအတွက် “ကြွက်သေတခုအရင်းပြု”ရင်း စစ်ဘောင်ချဲ့ဖို့ ပြင်ဆင်လိုက်တာလို့ဆိုရမှာပါ။ ဒီလိုနဲ့ ၁၉၅၈ ခုနှစ်ထဲရောက်တော့ ဦးနုဆီ ကနေ အာဏာလွှဲပြောင်းအရယူခဲ့တယ်။

အဲ့ဒီတုန်းကအခေါ်က “အိမ်စောင့်အစိုးရ”ပေါ့။ အဲ့ဒီမှာပဲ စစ်တပ်ကလိုချင်တဲ့ “နိုင်ငံတော်မူဝါဒနှင့်တပ်မတော်လုပ်ငန်းစဉ်(The National Ideology And The Role Of the Defence Services)ကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်ဖေါ်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ချမှတ်ခဲ့ကြတယ်။ သူတို့ လုပ်ပိုင်ခွင့်ရှိတုန်း လိုချင်တာအရယူခဲ့ကြတဲ့သဘောပါပဲ။ ဒီလို လုပ်နေကြမို့ ဒီနေ့ကာလမှာလည်း အထူးသတိပြုရမယ့်အချက်တခုဖြစ်နေပါတယ်။

အဲ့ဒီစာတမ်းကိုတော့ဗိုလ်ချုပ်မောင်မောင်က ဖတ်ကြားတင်သွင်းခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီမူအရ တပ်မတော်ရဲ့လုပ်ငန်းစဉ်ဟာ နိုင်ငံတော်ကာကွယ်ရေးအပြင် နိုင်ငံရေး၊ လူမျိုးရေး ( အမျိုးသားရေးတာဝန်)ကဏ္ဍတွေမှာ ပါဝင်ရမယ်”ဆိုတဲ့ အချက်ထည့်သွင်းခဲ့ပါတယ်။ ကမ္ဘာ့ဘယ်နိုင်ငံမှမရှိတဲ့ စစ်တပ်ရဲ့ကိုယ်ပိုင်မူဝါဒနဲ့ကိုယ်ပိုင်လုပ်ငန်းစဉ် တွေချမှတ်ခဲ့တာ။ အဲ့ဒီရဲ့အကျိုးဆက်က ၂၀၀၈ ခြေ/ဥမှာ အပိုဒ်(၆) အပိုဒ်ခွဲ-စမှာ “နိုင်ငံတော်၏အမျိုးသားနိုင်ငံ ရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”လို့ ‘စစ်ပဒေသရာဇ်နိုင်ငံတော်တည်ဆောက်ရေး”ကို တိတိလင်းလင်းထုတ်ဖော် ပြဋ္ဌာန်းလိုက်ပါတော့တယ်။

၁၉၅၈ ခုနှစ်က ဗိုလ်မောင်မောင်တင်သွင်းပြီး ၁၉၅၉ မှာ နိုင်ငံတော်မူဝါဒနဲ့ တပ်မတော်လုပ်ငန်းစဉ်ချမှတ်လိုက်တဲ့အချိန်ကစပြီး စစ်ဘောင်စကျယ်လာခဲ့ပြီး နိုင်ငံရေးဘောင်ဟာ တဖြေးဖြေးကျဉ်းလာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ ဗိုလ်အောင်ဆန်းတို့ချမှတ်ခဲ့တဲ့လမ်းစဉ်နဲ့ လမ်းခွဲလိုက်ကြပါပြီ။ ဗိုလ်အောင်ဆန်းက “လွတ်လပ်တဲ့ဗမာပြည်မှာ တိုင်းပြည်ကာကွယ်ရေးဟာ အစိုးရရဲ့တာဝန် တတိုင်းပြည်လုံးရဲ့တာဝန်ဖြစ်လာတဲ့အတိုင်း ကာကွယ်ရေးလုပ်ငန်း မှန်သမျှ အစိုးရကသာလျှင်လုပ်နိုင်ရမယ်။ တသီးတခြားကိုယ်ပိုင်အဖွဲ့တွေကလုပ်ဖို့လည်းမလိုဘူး။ ခွင့်လည်းပြု မှာမဟုတ်ဘူး”ဆိုတဲ့ ဖဆပလ ပြင်ဆင်မှုညီလာခံမှာပြောခဲ့တာတွေဟာ ဗိုလ်နေဝင်းနဲ့ ဗိုလ်မောင်မောင်တို့ ခြေနဲ့ ဖျက်ပစ်လိုက်ကြပါတော့တယ်။

၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးကတည်းက အုပ်ချုပ်မှုအစဉ်တွေကိုကြည့်လိုက်ရင်၊ ဗိုလ်နေဝင်း၊ ဗိုလ်စန်းယု၊ ဗိုလ်စိန်လွင်၊ ဗိုလ်အေးကို၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်၊ အခု ဗိုလ်မင်းအောင်လှိုင်ပေါ့။ ဒါတွေဟာ လူထုတင်မြှောက်ခဲ့သူတွေမဟုတ်ခဲ့ပါဘူး။ ဒါအပြင် အာဏာသိမ်းစစ်အုပ်စုတို့ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးမောင်လွင်သား ဗိုလ်ဝဏ္ဏမောင်လွင်၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့သား ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုဝန်ကြီးဟောင်း ဦးသန့်ကျော်နဲ့ သူ့ဇနီးဒေါ်အိအိခင်ဧ၊ ဗိုလ်မှူးကြီးအောင်သောင်းသား ကာ/ချုပ်(ရေ) ဗိုလ်မိုးအောင်၊ ရဟတ်ယာဉ်ပျက်ကျသေဆုံးခဲ့တဲ့ ဒုဗိုလ်မှူးကြီး လွန်းမောင်ရဲ့သား ပြည်ထဲရေးဝန်ကြီး ဗိုလ်စိုးထွဋ်တို့ဟာ တတိယမြောက် စစ်တပ်မျိုးဆက်တွေဖြစ်တယ်။

ကဲ..။ ဒီတကြိမ်အာဏာသိမ်းတာဟာလည်း ‘စစ်ပဒေသရာဇ်နိုင်ငံတော်’အဓွန့်ရှည်ရေးအတွက် လိုအပ်ချက်တွေ ထပ်မံဖြည့်စွက်ပြဋ္ဌာန်း လုပ်ဆောင်ဖို့ကလွဲပြီး တခြားအကြောင်းအချက်မရှိနိုင်ဘူး။ ‘စစ်ပဒေသရာဇ်မျိုးဆက်’ မြန်မာပြည်ကနေ ပျက်သုဉ်းပျောက်ကွယ်သွားရေးအတွက် ပြည်သူလူထုအားလုံးရဲ့ တာဝန်တရပ်အဖြစ် ရောက်ရှိ လာခဲ့ပါပြီ။ ဒါကြောင့်အားလုံး ညီညီညွတ်ညွတ်နဲ့ တစည်းတလုံးတည်း အားစိုက်တော်လှန်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024