ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံး၀င်းအတွင်းရှိ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဩဂုတ်လ ၉ ရက် ညသန်းခေါင်မှာ အင်အားအလုံးအရင်းနဲ့ ၀င်ရောက်စီးနင်းခဲ့ပြီး ဝန်ထမ်း ၆ ဦးကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
“ဘာသတင်းရလဲတော့ မသိဘူး။ ည ၁၁ နာရီကျော်လောက်မှာ စစ်သားနဲ့ ရဲတွေ လက်နက်အပြည့်အစုံနဲ့ ၀င်လာတယ်။ ပြီးတော့ ရုံးမှာ ည ဂျူတီကျတဲ့ ၀န်ထမ်းတချို့ရှိတယ်။ သူတို့ထဲက ၆ ယောက်ကို ဖမ်းခေါ်သွားတယ်၊ စစ်ဆေးစရာရှိတယ်လို့ပဲ ပြောတယ်” လို့ ဘူးဂါးလျှပ်စစ်ရုံး၀န်ထမ်းတစ်ဦးက ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံရေးပို့စ် တင်တာကြောင့် ဆယ်ကျော်သက် လူငယ်များအပါ ၀န်ထမ်း ၆ ယောက်ကို ဖမ်းဆီးသွားတာလို့ ကနဦးသိရပြီး လက်ရှိ ဝိုင်းမော်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းက ဝိုင်းမော်နဲ့ မြစ်ကြီးနားကို ၂၀၀၇ ခုနှစ်ကတည်းက လျှပ်စစ်မီးပေးလုပ်ငန်း စတင်ခဲ့တာဖြစ်ပြီး အခုဖမ်းဆီးတာနဲ့ပက်သက်ပြီး တစုံတရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် ဝိုင်းမော်မှာ ယခင်က ဆန္ဒပြရသူအချို့ကို ဆန္ဒပြရာမှာ ဖမ်းဆီးခဲ့တာရှိပေမဲ့ အခုလို ရုံးဝင်းထဲထိ ညသန်းခေါင် ဝင်ရောက်ဖမ်းဆီးတာတွေ မရှိဖူးသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။