Home
မေးမြန်းခန်း
ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၃ နှစ်ပြည့် - နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်နှင့် မေးမြန်းချက်
DVB
·
August 8, 2021

၂၀၂၁ ခုနှစ် ဩဂုတ် ၈ ရက်နေ့ဟာ မဆလ တစ်ပါတီအာဏာရှင်စနစ်ကို မြန်မာပြည်သူတရပ်လုံးက လှည်းနေလှေအောင်း မြင်းဇောင်းကျန် အုံကြွတော်လှန်ခဲ့ကြတဲ့  ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး   ၃၃ နှစ် ပြည့်တဲ့နေ့ဖြစ်ပါတယ်။ အခုလို နှစ်ပေါင်း ၃၃ နှစ် ကြာချိန်မှာ မြန်မာလူထုလိုလားတောင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအခြေအနေတွေ ဘယ်လိုရှိနေလဲ၊ ရှစ်လေးလုံးလူထုအရေးတော်ပုံနဲ့ လက်ရှိ အာဏာရှင်ဆန့်ကျင်  နွေဦးတော်လှန်ရေး အားနည်းချက် အားသာချက်ဘာတွေရှိမလဲ နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး- အခု ၂၀၂၁ ခုနှစ်ရောက်ပြီ၊ နိုင်ငံရေးအကျပ်အတည်းတွေဖြစ်နေတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတုန်းက ကျနော်တို့ရဲ့ လိုလားတောင်းဆိုချက်တွေကလေ အခုကာလမှာ ဘယ်လောက်ထိရနေပြီလဲဆရာ။

ဖြေ- “ကျနော်တို့ ရှစ်လေးလုံးကာလက တောင်းဆိုချက်ကတော့ အဓိကအားဖြင့်ပြောရရင် ဒီမိုကရေစီရရှိရေး၊ ပြည်သူ့အစိုးရထူထောင်နိုင်ရေးဟာ အဓိကပဲဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ဖက်ဒရယ်ကိစ္စတောင်မှ အဲဒီကာလက ပီပီပြင်ပြင် ကျနော်တို့ သိပ်ပြီးတော့ မတောင်းဆိုနိုင်ခဲ့ဘူး။ နောက်တခုက ရှစ်လေးလုံးကာလက မြို့ပြဆန္ဒပြလှုပ်ရှားမှုတွေ မြို့နယ်ပေါင်း ၂၀၀ ကျော်မှာ ပေါ်ခဲ့တာပေါ့ဗျာ။ သို့သော်ငြားလည်း တိုင်းရင်းသားဒေသတွေရဲ့လှုပ်ရှားမှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့သဘောဆန္ဒနဲ့လှုပ်ရှားမှုတွေ မပါတဲ့အခါကျတော့ ဖက်ဒရယ်လှုပ်ရှားမှု၊ ဖက်ဒရယ်တောင်းဆိုမှုဟာ သိပ်ပြီးတော့ မပီပြင်ပါဘူးဗျ။ ဒီမိုကရေစီအစိုးရနဲ့ ပြည်သူ့အစိုးရ ထူထောင်ရေးအတွက် အဲဒီဟာအတွက် အဓိက ရည်ရွယ်တယ်၊ အဲဒီကာလက အနေအထားအရ ပြောလို့ရှိရင်တော့ ပြည်သူ့အစိုးရလို့ဆိုလိုတာက စစ်အစိုးရမဟုတ်တဲ့ အစိုးရတရပ်ဖွဲ့စည်းနိုင်ရေးကို တောင်းဆိုခဲ့တာပေါ့ဗျာ။ အဲဒီတုန်းက ရှစ်လေးလုံးတိုက်ပွဲကတောင်းဆိုခဲ့တာက အဓိကအားဖြင့် ကြားဖြတ်အစိုးရပေါ့။ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို တောင်းဆိုခဲ့တယ်။ ဒီမိုကရေစီရေးတောင်းဆိုချက်ဆိုပြီး ခြုံပြောရင် ရပါတယ်။” 

“အဲဒီလိုကျနော်တို့ တောင်းဆိုခဲ့ပေမယ့် စစ်အစိုးရက ကတိမတည်တာပေါ့ဗျာ။ ကတိမတည်ဘူးဆိုတာက အဲဒီရှစ်လေးလုံးအပြီးမှာ ရွေးကောက်ပွဲတရပ်ကျင်းပပေးခဲ့တယ်။ ဒါက စစ်အစိုးရကနေလုပ်တာပေါ့ဗျာ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာလည်း နိုင်ငံရေးပါတီတွေ၊ အန်အယ်လ်ဒီလည်းပါတာပေါ့နော်၊ ဒီမိုကရေစီအင်အားစုတွေဘက်ကို ပြည်သူလူထုက သောင်ပြိုကမ်းပြိုပေးခဲ့တာပါ။ ဒီရွေးကောက်ပွဲရလဒ်က အာဏာအပ်ရေးမဟုတ်ဘူးဆိုပြီးတော့ စစ်ကောင်စီက အဲဒါကို အကြောင်းပြပြီးတော့ ဂန္ဒီခန်းမလှုပ်ရှားမှုမှာ နောက်ဆုံးအဆုံးသတ်သွားပြီးတော့ နောက်ဆုံးကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမယ်ဆိုပြီးတော့ ညောင်နှစ်ပင်ညီလာခံကြီးခေါ်ပြီး လုပ်ကြတာပေ့ါဗျာ။ ဆယ်စုနှစ်တခုကျော် ကြာသွားတာပေါ့။ အဲဒီတော့ ဆိုလိုတာက ရှစ်လေးလုံးက တောင်းဆိုချက်တွေကဘာမှ မရခဲ့ပါဘူး။ ပြည်သူ့အစိုးရလည်းမရခဲ့ဘူး၊ ကြားဖြတ်အစိုးရလည်းမရခဲ့ဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ အနိုင်ရပေမယ့်လည်း ကျနော်တို့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ စစ်အာဏာရှင်စနစ်အောက်ကိုပြန်ပြီးတော့ ဆယ်စုနှစ်ချီ ပြန်ပြီးဖြတ်သန်းရတဲ့အခြေအနေတခု ပြန်ရောက်သွားတယ်။” 

မေး- ရှစ်လေးလုံးအရေးတော်ပုံတုန်းက လှုပ်ရှားခဲ့ကြချိန်နဲ့ အခုလက်ရှိ တော်လှန်ရေးကာလအချိန်နှိုင်းယှဉ်ချက်ကြည့်တဲ့အခါ သတိထားမိတာက ဆက်သွယ်ရေး၊ နည်းပညာ၊ သတင်းအချက်အလက် စသဖြင့်ပေါ့ ကွာဟချက်ကြီးမားတာတွေ့ရပါတယ်။ ဒီဖြစ်စဉ်နှစ်ခုရဲ့ ဆင့်ကဲဖြစ်စဉ်လေးကို သုံးသပ်ပေးပါလား၊ ဘယ်လိုမျိုး သယ်ဆောင်လာခဲ့ကြလဲခင်ဗျ။

ဖြေ- “ခုနက ကျနော်ပြောတဲ့အထဲမှာလည်း အနည်းအကျဉ်းတော့ပါပါတယ်။ အဲဒါက ကျနော်တို့ ရှစ်လေးလုံးလှုပ်ရှားမှုက မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုဖြစ်ပါတယ်။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားဒေသတွေရဲ့ဆန္ဒပြပွဲ၊ လူထုတိုက်ပွဲတွေ အဲဒီကာလက မရှိခဲ့ပါဘူး။ မြန်မာပြည်သူလူထုရဲ့စစ်အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလ တပါတီအာဏာရှင်စနစ်ပြုတ်ကျရေး၊ နောက်ပြီးတော့ ကြားဖြတ်အစိုးရထူထောင်ရေး၊ ဒီမိုကရေစီအစိုးရဖွဲ့စည်းရေးဆိုတဲ့ လှုပ်ရှားမှုတွေနဲ့ ကျနော်တို့ ရှစ်လေးလုံးမှာ လုပ်ခဲ့တာပါ။ အဲဒီကာလတုန်းကဆိုလို့ရှိရင်လည်း လူထုဆက်သွယ်ရေးဆိုတာကလည်း ရေဒီယိုပဲရှိတာကိုး၊ နောက်ပြီး ဘီဘီစီက ခရစ်တိုဖာဂါးနက်စ် သူပြောတဲ့သတင်းတွေပေါ်မှာ မူတည်ပြီး တပြည်လုံးက အုံကြွခဲ့ရတဲ့အခြေအနေဖြစ်တာပေါ့ဗျာ။ နည်းပညာတွေလည်း တော်တော်များများ ကွာခြားတာပေါ့ဗျာ။ နောက်ပြီးတော့ လှုပ်ရှားတဲ့သဏ္ဍာန်တွေကလည်း တော်တော်လေးကို ကွာခြားခြားနားသွားပါတယ်။ အဲဒီလို ကွဲပြားခြားနားသွားတဲ့အကြောင်းကလည်း ဒီကာလအတွင်းမှာ ၂၀၁၁ ခုနှစ်လောက်မှာ အာရပ်နွေဦးတော်လှန်ရေး၊ နိုင်ငံတကာအတွေ့အကြုံတွေ ကျနော်တို့လူငယ်တွေ အများကြီးရရှိခဲ့တာပေါ့ဗျာ။ အဲဒီရရှိခဲ့တဲ့ အခြေအနေပေါ်မှာ ရှစ်လေးလုံးအခြေအနေနဲ့ ဒီနေ့အခြေအနေကတော့ အတော်လေးကို ကွဲပြားခြားနားသွားတယ်။”

“အဲဒါလည်း အကြောင်းတချက်တခုပေါ့ဗျာ။ နောက်တခုကတော့ ၂၁ ရာစု နိုင်ငံရေးအခင်းအကျင်းဆိုတာက နိုင်ငံတကာမှာ စစ်အာဏာရှင်စနစ်တွေပြိုလဲ၊ ဒီမိုကရေစီအင်အားစုတွေ အားကောင်းနေတဲ့ကာလ။ အဲဒီတော့ ဒီကာလအတွင်းမှာ လက်တင်အမေရိကမှာရှိနေတဲ့ စစ်အာဏာရှင်တွေ၊ အာဖရိကမှာရှိတဲ့ စစ်အာဏာရှင်တွေ၊ နောက်အာရှတိုက်မှာရှိတဲ့ စစ်အာဏာရှင်တွေ တော်တော်များများ ဒီမိုကရေစီအင်အားစုတွေအဖြစ်ကို ပြောင်းလဲတဲ့ခေတ်ကြီးတခေတ်ကို ဖြတ်သန်းလိုက်ရတာပေါ့။ ဒါကလည်း ထူးခြားတဲ့အခြေအနေတရပ်ပေါ့ဗျာ။ နောက်ပြီးတော့ ကျနော်တို့ ဗမာပြည်အနေနဲ့ပြောရလို့ရှိရင် ထူးခြားတာတခုကတော့ ဗမာပြည်မှာက စစ်အာဏာသိမ်းမှုက ဒါက တတိယအကြိမ်မြောက်လောက်ဖြစ်သွားတာပေါ့။ ဒီ ၂၁ ရာစုအတွင်းမှာ စစ်ကောင်စီကနေပြီးတော့ အာဏာပြန်သိမ်းပြီးတဲ့နောက်ပိုင်း လူထုလှုပ်ရှားမှုတွေကို ဖိနှိပ်မှုက အလွန်ပြင်းထန်ပြီး သမိုင်းမှာ မကြုံဖူးအောင် ကျယ်ကျယ်ပြန့်ပြန့်လည်းရှိတယ်၊ နောက်ပြီးတော့ စစ်တပ်အင်အားကလည်း ငါးသိန်းလောက်ရှိနေတဲ့ကာလ၊ ခေတ်မီလက်နက်တွေလည်း တတ်ဆင်ထားတဲ့ အနေအထားအောက်မှာ လူထုကို ဖိနှိပ်မှုတွေက အတော်ကို ပြင်းထန်တယ်။ ထောင်သွင်းအကျဉ်းချတာတွေလည်းများတယ်၊ လမ်းပေါ်မှာ သတ်ဖြတ်တာတွေကလည်း အတော့်ကိုများတယ် ဆိုတော့။ ဆိုလိုတာက လူထုက အခုက ပြီးခဲ့တဲ့ရှစ်လေးလုံးလို နာကျင်မှုသက်သက်မဟုတ်တော့ဘူး နာကြည်းမှုဖြစ်သွားတယ်။ အဲဒီတော့ ဒီနာကြည်းမှုကို သူတို့က အခု ပြန်ပြီးတော့ ဒီစစ်အာဏာရှင်စနစ်ကို ဒီဗမာပြည်ကနေ မြေမြှုပ်သင်္ဂြိုဟ်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်တွေနဲ့ ဒီနေ့မှာ Generation Z က ဒီနေ့လှုပ်ရှားမှုတွေမှာ ပါ၀င်တက်ကြွကြတယ်။ အဲဒီမှာလည်း သန်းချီပြီးတော့ ပါ၀င်တယ်။ ဒါ့အပြင် Generation Z ကနေပြီးတော့ ဒီနေ့လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့အခါမှာ ဒီလှုပ်ရှားမှုက နည်းပညာတွေကောင်းမွန်တဲ့အခါ၊ မိုဘိုင်းဖုန်းတွေ သုံးနိုင်တဲ့အခြေအနေကို ရောက်သွားတဲ့အခါကျတော့ ဒီလှုပ်ရှားမှုက ရန်ကုန်၊ မန္တလေးစတဲ့ မြန်မာမြို့ကြီးတွေတင်မကဘူး၊ တပြည်လုံးမှာရှိတဲ့ မြို့ကြီးတွေ။ ကချင်ပြည်နယ် ခါကာဘိုရာဇီကနေပြီးတော့ ထားဝယ်၊ မြိတ်၊ ကော့သောင်း တပြည်လုံးကို ဖြစ်သွားတဲ့အခြေအနေဖြစ်တာပေါ့။ အဲဒါကတခုကတော့ ဒီစစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှု၊ သတ်ဖြတ်မှု ပြင်းထန်ရက်စက်တဲ့အနေအထားနဲ့ ကျနော်တို့ အခု နည်းပညာခေတ်ကြီးတခေတ်ကို ဖြတ်သန်းနေရတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုဖြစ်တဲ့အခါကျတော့ ဒီနေ့ ၂၁ ရာစုမှာ ပေါ်ပေါက်လာတဲ့ လူထုတိုက်ပွဲသဏ္ဍာန်က ပိုပြီးတော့ ကောင်းလာတယ်လို့၊ ပိုပြီးတော့ ကျယ်ပြန့်လာတယ်လို့ ကျနော်ပြောချင်တယ်။”

မေး-ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ အခု နွေဦးတော်လှန်ရေးကာလနှစ်ခုနဲ့စပ်လျဉ်းလို့ လက်ရှိကာလ လှုပ်ရှားနေဆဲ၊ ဆောင်ရွက်ဆဲ၊ ကြိုးစားနေကြဆဲ လူငယ်၊ လူကြီး၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဘယ်လိုသင်ခန်းစာတွေကို ရယူနိုင်မလဲ၊ ထောက်ပြစရာရှိမလဲ။ 

ဖြေ- “သင်ခန်းစာယူစရာကတော့ အရေးကြီးဆုံး သင်ခန်းစာတခုကတော့ ရှစ်လေးလုံးလှုပ်ရှားမှုက ပြည်သူလူထုနည်းနဲ့လှုပ်ရှားမှုနဲ့  အာဏာသိမ်းရေး၊ စစ်အာဏာရှင်စနစ်ဖြိုချရေး။ အာဏာရှင်စနစ်ဖြိုချရေးသာပါတယ်၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆိုတဲ့ တောင်းဆိုချက်တွေ အဲဒီတုန်းက ရှစ်လေးလုံးတုန်းက မပါခဲ့ဘူးဗျ။ နောက်တခုက ပြည်သူ့အစိုးရပေါ့ဗျာ၊ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးသာ ကျနော်တို့က ပြောခဲ့တာ။ ဒီနေ့ကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုတဲ့ လမ်းညွှန်ချက်တွေနဲ့ ကျနော်တို့က ဆက်လက်ပြီးတော့ တိုက်ပွဲဝင်မယ့်အနေအထားဖြစ်တယ်။ ဒါကလည်း ရှစ်လေးလုံးနဲ့ မတူတဲ့ အနေအထားတခုပေါ့။”

“နောက်တခုကတော့ ရှစ်လေးလုံးကာလတုန်းက ကျနော်တို့လှုပ်ရှားမှုတွေက မြို့ပြလှုပ်ရှားမှုတွေပဲရှိတယ်။ အဲဒီမှာလည်း တပါတီအာဏာရှင်စနစ်ဖြိုချရေးဆိုတာက ပါပြီးတော့ အကြမ်းဖက်လက်နက်ကိုင်တိုက်ပွဲဝင်ရေးဆိုတဲ့အနေအထားထိ မရောက်ခဲ့ဘူးဗျ။ သို့သော် အခု ကျနော်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ ဗမာပြည်မှာရှိနေတဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ မြို့နယ် ၂ မြို့နယ်၊ ၃ မြို့နယ်မှာ လူထုက အကြမ်းဖက်လှုပ်ရှားမှုတွေ ဦးတည်လာတာ တွေ့ပါတယ်။ ဥပမာအားဖြင့် စစ်ကိုင်းပေါ့ဗျာ။ နောက်တခုက ကျွန်းလှပေါ့ဗျာ။ တပြည်လုံးမှာ အထွေထွေသပိတ်ကော်မတီရှိပေမယ့် အဲဒီအထွေထွေသပိတ်ကော်မတီကလည်း အဲဒီ လမ်းကြောင်းနယ်ကို တပြည်လုံးကို ဖြန့်ဝေလမ်းညွှန်နိုင်တဲ့ အခြေအနေမရှိဘူး။ ဆိုလိုတာကတော့ ပြည်သူလူထုက အာဏာရထားပေမယ့် ပြည်သူလူထုက အာဏာသိမ်းတဲ့အဆင့် အထိ မရောက်ခဲ့ဘူးပေါ့ဗျာ။ မြို့နယ် ၂ မြို့နယ်လောက်မှာပဲ ကျနော်တို့ ရဲစခန်းတွေ သိမ်းတာ၊ လက်နက်တွေယူတာ ဒီလောက်ပဲရှိခဲ့တာပါ။ ဒီနေ့ကာလကတော့ စစ်အာဏာရှင်စနစ်မြေမြှုပ်သင်္ဂြိုဟ်ရေးဆိုတာနဲ့အညီ အခုဟာက တပြည်လုံးက အုံကြွတော်လှန်တယ်။ အဲဒီလို တော်လှန်လာရတဲ့အကြောင်းကလည်း ခုနလို စစ်ကောင်စီရဲ့ လမ်းပေါ်မှာ၊ မြို့ပြမှာ၊ ကျေးလက်မှာ ဖိနှိပ်သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်တွေကို ရက်ရက်စက်စက်၊ ပြင်းပြင်းထန်ထန် လုပ်လာတဲ့အခါ လူထုက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အကြောင်းပြုပြီးတော့ ပြန်ပြီးတော့ တုံ့ပြန်တော်လှန်ဖို့ ၊ စစ်ရေးအရ တိုက်ပွဲဝင်ဖို့၊ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဗမာပြည်မှာ အပြီးသတ်မြှုပ်နှံသင်္ဂြိုဟ် ပြစ်ရေးအထိ ရည်ရွယ်ပြီးတော့ ဒီနေ့လှုပ်ရှားလာခဲ့ကြတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီတော့ အဲဒါဟာ ရှစ်လေးလုံးကအခြေအနေနဲ့ ဘယ်လိုမှ မတူပါဘူး။” 

မေး- ရှစ်လေးလုံးအပြီးမှာ ကျောင်းသားတွေ၊ လူငယ်တွေ၊ ရဟန်းရှင်လူပြည်သူတွေက နယ်စပ်ဒေသ တိုင်းရင်းသားဒေသတွေဆီကို ရောက်သွားကြပြီးတော့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲတာ တွေရှိပါတယ်။ ဥပမာ ကျောင်းသားတပ်မတော်လိုမျိုးပေါ့ အလားတူ အဖွဲ့အစည်းတွေပေါ်လာတယ်။ အဲဒီလိုမျိုး။ အန်အယ်လ်ဒီဆိုရင်လည်း တောခိုသူတွေနဲ့ အန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) ဆိုတာဖွဲ့စည်းလှုပ်ရှားတာရှိပါတယ်။ နယ်စပ်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လက်တွဲပြီးတော့ မာနယ်ပလောလိုနေရာမျိုးမှာ ရုံးစိုက်တာတွေ့ရတယ်။ အဲဒီရလဒ်က တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပေါင်းစည်းမိကြတယ်ပေါ့။ ရင်းနှီးကြပြီးတော့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း သုံးလေးခုလောက်အထိ အထပ်ထပ်ရေးဆွဲခဲ့ကြတယ်။ အဲဒီရလဒ်တွေကရော အခုနွေဦးတော်လှန်ရေးရဲ့ ရှေ့လာမယ့် လမ်းတွေမှာ အထောက်အကူတွေ အများကြီးဖြစ်နိုင်တယ်မဟုတ်လား။

ဖြေ- “အဲဒါတော့ မှန်ပါတယ်ခင်ဗျ။ မှန်ပါတယ်ဆိုတာက အခု အဲဒီကာလတုန်းက လက်နက်ကိုင်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခြေအနေက စစ်တပ်ကို မြေမြှုပ်သင်္ဂြိုဟ်မယ်ဆိုတဲ့ ဦးတည်ချက် ချမှတ်ပေးမယ့်၊ တကယ်တမ်းမှာ ကျနော်တို့က အဲဒီလောက် အင်အားစုစည်းနိုင်တဲ့ အနေအထားမရှိဘူး။ စည်းလုံးညီညွတ်တဲ့အင်အားလည်း မရှိခဲ့ဘူး။ အဲဒီတော့ တကယ်တမ်းပြောရလို့ရှိရင် ဗမာပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အဲဒီတုန်းကလည်း ဆယ်ခုလောက်ရှိခဲ့တာပဲ။ ဒါပေမဲ့ တကယ်တမ်း အင်နဲ့အားနဲ့ ရှစ်လေးလုံးလှုပ်ရှားမှုကထွက်လာတဲ့လူတွေကို အားပေးတာ၊ ထောက်ခံတာ၊ နေထိုင်ခွင့်ပြုတာ၊ လွတ်မြောက်တဲ့ဒေသအဖြစ် လက်ခံတာ ကေအန်ယူ တခုပဲရှိတာကိုး။ အဲဒါကြောင့်လည်း ဒီလှုပ်ရှားမှုက ရေရှည်ကျတဲ့အခါကျတော့ အားပျော့ပြီးတော့ ကျရှုံးသွားတဲ့အနေအထားပေါ့။ တပြည်လုံးရဲ့ အုံကြွညီညွတ်မှုမရှိဘဲနဲ့ ဒေသတခု၊ နယ်ပယ်တခုအတွင်းမှာတင် လှုပ်ရှားခဲ့တဲ့အတွက် မအောင်မြင်ခဲ့တာလို့ ပြောချင်တယ်။”

“နောက်တခုကတော ခုနကပြောတဲ့ အဲဒီလိုလွတ်မြောက်တဲ့ဒေသတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ ထူထောင်နိုင်တဲ့အခါမှာ NCGUB (ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ) တောင်မှ၊ အဝေးရောက် အန်အယ်လ်ဒီအစိုးရတောင်မှ ကျနော်တို့ ထူထောင်နိုင်ခဲ့တယ်။ အစိုးရအဖွဲ့အစည်း ဖွဲ့စည်းခဲ့တယ်။ သို့သော် အဲဒီမှာက အစိုးရတရပ်အဖြစ်အသိအမှတ်ပြုခံရဖို့အတွက် ကိုယ်ပိုင်နယ်မြေမရှိဘူး။ ကိုယ်ပိုင်လွတ်မြောက်တဲ့နယ်မြေ မထူထောင်နိုင်ဘူး။ ကိုယ်ပိုင်တပ်ထူထောင်ပေမယ့် မအောင်မြင်ခဲ့ဘူးပေ့ါ။ အေဘီအက်စ်ဒီအက်ဖ်ပဲ နာမည်နဲ့လှုပ်ရှားနေတာပဲကျန်တော့တယ်။ ကျန်တဲ့အဖွဲ့အစည်းတွေ မရှိကြတော့ဘူး။ ဒါပေမဲ့ အဲဒီကာလမှာ နိုင်ငံရေးလုပ်ငန်းတွေ အများကြီးလုပ်ပေးသွားတယ်၊ လုပ်နိုင်ခဲ့တယ်။ သောင်ရင်းမြစ်ဘေးမှာ ဖက်ဒရယ်အခြေခံဥပဒေတွေ ရေးဆွဲခဲ့ကြတယ်။ အခုနောက်ဆုံးမှာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၇ မှာ ကေအိုင်အေက ကျင်းပတဲ မိုင်ဂျာယန် အစည်းအဝေးအထိ တောတွင်းလက်နက်ကိုင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အများစု စုပေါင်းပြီးတော့ ဖက်ဒရယ်အခြေခံမူတွေ ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒါရဲ့အားကောင်းချက်ကတော့ အဲဒီလိုချမှတ်နိုင်ခဲ့တဲ့အတွက် သောင်ရင်းမြစ်ဘေးမှာ သုံးကြိမ်လောက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ်ဖို့ ကြိုစားပြီး အဆင့်ဆင့်ပြင်ဆင်ဆွေးနွေးလာခဲ့တဲ့အတွက် ဒီနေ့ဆိုလို့ရှိရင် အန်ယူဂျီ (အမျိုးသားညီညွတ်ရေးအစိုးရ) အစိုးရအနေနဲ့ ကံကောင်းတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်အနေနဲ့၊ သူ့အနေနဲ့ ရေးသားထုတ်ဝေတဲ့အဆင့်ထိ မရောက်ပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကို ရေးဆွဲထုတ်ပြန်နိုင်တဲ့အခြေအနေရှိပါတယ်။ အမှန်ကတော့ အဲဒါဟာ အနာဂတ်ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရေးအတွက် အခြေခံတွေ အဲဒီမှာ အကုန်ပါပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ၊ ဒါပေမဲ့ အခုချိန်မှာ ကျနော်တို့ ခေါင်းဆောင်တွေ အဖမ်းဆီးခံနေရတာ၊ နိုင်ငံရေးအင်အားစုတွေအားလုံး စုစည်းနိုင်တဲ့အခြေအနေ မရှိသေးတဲ့ အောက်မှာ အန်ယူဂျီအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်တရပ်ကို၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်စီးပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်တရပ်ရေးဆွဲဖို့အတွက် တကယ်ကတော့ အသင့်ရှိနေပါပြီ။ ဆိုလိုတာက အဲဒါကို နိုင်ငံတကာက အသိအမှတ်ပြုဖို့အခြေအနေပဲရှိပါတယ်။ အဲဒီတော့ ဆိုလိုတာက အရင်တုန်းက ကျနော်တို့  စစ်ရေးအရ အနိုင်မတိုက်နိုင်ခဲ့တဲ့အတွက်၊ နောက်ပြီးတော့ တပြည်လုံးညီညွတ်စည်းလုံးတဲ့အင်အားစု၊ လက်နက်ကိုင်တပ်ဖွဲ့ မတည်ဆောက်နိုင်ဘူး။ မတိုက်နိုင်ခဲ့ဘူး၊ အဲဒါကြောင့် ကျနော်တို့ နိုင်ငံရေးသားလျှောသွားတဲ့အခြေအနေပါ။ သို့သော် အဲဒီကနေပြီးတော့ ကျနော်တို့ အတွက် အကျိုးအမြတ်တွေ နိုင်ငံရေးအရတော့ အများကြီးရရှိခဲ့တယ်လို့ ပြောချင်ပါတယ်ခင်ဗျ။”

မေး- ကျနော်တို့ မြန်မာနိုင်ငံက သန်း ၁၅၀၀ လောက်နီးပါးလောက်စီရှိနေကြတဲ့ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိနေတယ်၊ ပထဝီနိုင်ငံရေးအရလည်း အရေးပါတယ်။ နိုင်ငံကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံရတယ်။ အခုလတ်တလောမှာ တောင်အာရှအရေး၊ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာအရေးစသဖြင့် အင်အားကြီးနိုင်ငံကြီးတွေအကြား ပွန်းတိုက်မှုတွေရှိနေတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအိပ်မက်က ကျနော်တို့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေ ကြိုးစားရုံနဲ့ ရလား။ ကမ္ဘာ့ အခင်းအကျင်းက‌ရော ဘယ်လောက်အရေးပါလဲ။ ကျနော်တို့အတွက် အားသာချက်အဖြစ် ဘယ်လိုပြောင်းနိုင်မလဲ။

ဖြေ- ဟုတ်ကဲ့၊ အဲဒီကိစ္စကတော့ နိုင်ငံတကာ ပြသနာမဟုတ်ပါဘူး။ အဲဒီကိစ္စက ကျနော်တို့ ပြည်တွင်းရေးပြဿနာပါ။ အာဏာပြဿနာပါ။ အာဏာဟာ ဘယ်သူရမှာလဲ၊ ကျနော်တို့ ပြည်သူလူထု အင်အားစုတွေရမှာလား၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့တပ်ဖွဲ့တွေကပဲ ဆက်ထိန်းနိုင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တခုတော့ရှိတာပေါ့ဗျာ၊ အဲဒီလို ကိုယ်က အာဏာရလာလို့ အဲဒါတွေလုပ်လာတဲ့အခါမှာတော့ ခုနက အင်အားကြီးနိုင်ငံတွေရဲ့ ပါ၀င်စွက်ဖက်မှုတွေကတော့ အနည်းနဲ့အများ၊ တနည်းမဟုတ်တနည်း ဒါက ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ အဆုံးအဖြတ်ပေးတဲ့အခန်းမှာ မရှိပါဘူး။”

“အဓိက ကျနော်ပြောချင်တဲ့ ကိစ္စက လူဦးရေ သန်း ၁၃၀၀ ရှိတဲ့ တရုတ်ပြည်နဲ့ လူဦးရေ သန်း ၁၂၀၀ ရှိတဲ့ အိန္ဒိယနိုင်ငံကြားထဲမှာ ရှိနေတယ်၊ ဒါပေမဲ့ အိန္ဒိယက ဒီမိုကရေစီဘိုးအေနိုင်ငံတခုပါ။ ဒီမိုကရေစီဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဖက်ဒရယ်စနစ်ကို အကောင်းဆုံးသရုပ်ဖော်နိုင်တဲ့ တိုင်းပြည်ပါ။ နောက် တရုတ်ပြည်ကျတော့ သူတို့က ဖက်ဒရယ်ဒီမိုကရေစီ မကျင့်သုံးဘူးပေါ့ဗျာ၊ သို့သော်ငြားလည်း သူတို့ကလည်းပဲ သူတို့တိုင်းပြည်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့အနေအထားပေါ်မှာ၊ တရုတ်ပြည်ရဲ့ စီးပွားရေးအဆင့်အတန်းကလည်း တရုတ်ပြည်မှာရှိတဲ့ တိုင်းရင်းသားတွေကိုယ်တိုင် ကျေနပ်တဲ့၊ လက်ခံနိုင်တဲ့ အနေအထားတခု ရောက်နေတဲ့အခါကျတော့ ခုနက ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စမှာ တရုတ်နဲ့ အိန္ဒိယရဲ့ ကျနော်တို့ တိုင်းပြည်ပေါ်မှာ ဘယ်နိုင်ငံရေးပုံစံနဲ့သွားမယ်ဆိုတဲ့ကိစ္စကတော့ အခရာ မကျပါဘူး။ အခရာကျတာက အကျိုးစီးပွားကိစ္စတွေမှာ အခရာကျတာပါ။ အထူးသဖြင့် တရုတ်အနေနဲ့ အခု သမုဒ္ဒရာနှစ်စင်း ဆက်စပ်ရေးပေါ့ဗျာ၊ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာ ဆက်စပ်ရေးမှာကျတော့ ကျနော်တို့ ဗမာပြည်က ထွက်ပေါက်ဖြစ်နေတယ်။ နောက်တခုက ခေတ်နောက်ကျနေတဲ့ တရုတ်ပြည်အနောက်ပိုင်းပြည်နယ်တွေရဲ့စီးပွားရေးထွက်ပေါက်ကလည်း  ဗမာပြည်ကို ဦးတည်နေတာဖြစ်တဲ့အခါကျတော့ ဗမာပြည်ရဲ့နိုင်ငံရေးမှာ တရုတ်ပြည်က သူ့အကျိုးစီးပွားအတွက်ပါ၀င်စွက်ဖက်မှုရှိပါတယ်။”

“ဒါပေမဲ့ ဘယ်လို နိုင်ငံရေးစနစ်မျိုးကိုရွေးချယ်ရမယ်ဆိုတာကို ကျနော်တို့ တော်လှန်ရေးက ဆုံးဖြတ်မှာပါ၊ အဲဒါက ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သူတို့ကတော့ စစ်ကောင်စီကို အာဏာရစေချင်မှာပေါ့ဗျာ၊ စစ်ကောင်စီ ဆက်ရှိစေချင်မှာပေါ့ တရုတ်အနေနဲ့ကတော့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အကျိုးစီးပွားတွေ အကောင်အထည်ဖော်ဖို့အတွက် တိုင်းပြည်ရောင်းစားချင်တဲ့အင်အားစုတွေက စစ်ကောင်စီထဲမှာ ရှိနေတဲ့အခါကျတော့ ဒီစစ်ကောင်စီအာဏာရတာတော့ ပိုကြိုက်တာပေါ့။ သို့သော် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်မ ယ်၊ မထူထောင်ဘူးဆိုတဲ့ကိစ္စကတော့ ဘယ်သူအာဏာရမှာလဲဆိုတဲ့ အကြောင်းအချက်ပေါ် မူတည်တယ်လို့ ထင်ပါတယ်။ ကျနော်တို့  အာဏာရအောင်လုပ်နိုင်ရင် ကျနော်တို့ အဲဒီစနစ်ကို ထူထောင်လို့ရပါတယ်။ ခုနကဟာကတော့ နိုင်ငံတကာအခြေအနေကတော့ ပစိဖိတ်ပြဿနာ၊ အရှေ့အာရှပြဿနာ ဒါတွေကတော့ ကျနော်တို့ အာဏာရပြီးလည်း ဆက်လက်ပြီး ရင်ဆိုင် ဖြေရှင်းရမယ့်ကိစ္စတွေပဲဖြစ်တယ်လို့ ထင်ပါတယ်။” 

မေး- အခုကာလမှာ ကိုဗစ်-၁၉ လည်းဖြစ်နေတယ်။ ကိုဗစ်ကတတိယလှိုင်းမှာ လူထုက တော်တော်လေးကို ကယ်ရာမဲ့ပုံစံလိုဖြစ်နေတာ ဆရာလည်း သိမှာပါ။ လူထုက နိုင်ငံရေးအကျပ်အတည်းတင်မဟုတ်ဘူး။ ကျန်းမာရေးအကျပ်အတည်းပါဖြစ်တယ်ဆိုတော့ ဒီလို တခြားအကျပ်အတည်းတွေအပါ အထွေထွေအကျပ်အတည်းကြီးကို အင်အားစုအားလုံးက ဘယ်လိုမျိုး ဖြေရှင်းကျော်လွှားကြရင် သင့်မလဲ၊ ရနိုင်မလဲ၊ ဖြစ်နိုင်မလဲဆိုတာ ဆရာ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ- “ခုလက်ရှိ ဗမာပြည်ပြဿနာကတော့ ဒီမိုကရေစီအင်အားစုတွေ၊ ခေါင်းဆောင်နဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီကြားထဲမှာ ဖြစ်နေတဲ့ပြသနာပေါ့ဗျာ။ အဲဒီတော့ အဲဒီပြဿနာကို မဖြေရှင်းနိုင်ဘဲနဲ့ ကျန်တဲ့ပြဿနာကို ဖြေရှင်းလို့ အဆင်မပြေနိုင်ပါဘူး။ အဲဒီတော့ အဲဒီပြဿနာကို အရင်ဖြေရှင်းရဦးမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်မြေမြှုပ်သင်္ဂြိုဟ်နိုင်တဲ့အနေအထားတခု ကျနော်တို့ သွားနိုင်မလား။ ဒါမှမဟုတ် စစ်အာဏာရှင် ဆက်လက်ပြီးတော့ တည်ရှိမလား။ အဲဒီတော့ အဲဒီဆက်ထုံးကို မဖြည်နိုင်လို့ရှိရင် ကျန်တဲ့ကိစ္စတွေလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့ အခု အဲဒီဆက်ထုံးကို အဓိက ဖြည်ဖို့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေက လုံးပန်းတိုက်ခိုက်နေကြတာ။ အခုကတော့ စစ်ရေးအရ လုံးပန်းတိုက်ခိုက်ကြတော့မယ့် အနေအထားတရပ်အထိတောင် ရောက်နေပါတယ်။ ဒီဆက်ထုံးကို မပြေလည်ဘူးဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည် ဘာဖြစ်နိုင်လဲဆိုတာ ဥပမာ ကိုဗစ်ပြဿနာဆိုတာက ပြဿနာကြီးတခုပေါ့ဗျာ။ ဗမာပြည်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ ရောဂါပြန့်ပွားနိုင်တယ်၊ ပြည်သူတွေ ဒုက္ခရောက်နိုင်တယ် စတဲ့ ကိစ္စတွေ ရှိတာပေါ့။ ဒါပေမဲ့ အဲဒီကိစ္စတခုတည်းမဟုတ်ပါဘူး၊ စီးပွားရေးအရလည်း အခုက အနုတ် ၁၈ ရာခိုင်နှုန်းလောက် ကြုံ့သွားမယ့်အနေအထား၊ စီးပွားရေးအရလည်း ထောက်ပြထားတာရှိပါတယ်။ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကလည်း ဗမာပြည်မှာ ဘာမှ လုပ်နိုင်တဲ့အခြေအနေ မရှိပါဘူး။ ပြည်သူလူထုရဲ့ စားဝတ်နေရေးကလည်း အခုလို စားဝတ်နေရေးအောက်မှာ ကျနော်တို့ ပြည်သူ သုံးသန်းကျော်လောက် အငတ်ဘေးကျရောက်နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က  ခန့်မှန်းထားပြီးပါပြီ၊ အဲဒါတောင် အခု စစ်ရေးလှုပ်ရှားမှုတွေ များလာရင် ပိုတောင်ဆိုးဦးမလား မသိပါဘူး။ အဲဒီတော့ တိုင်းပြည်က Failed State (ကျရှုံးနိုင်ငံ) ဖြစ်နိုင်တဲ့အခြေအနေ ရောက်နေပါပြီ။ အဲဒီလိုရောက်ရတဲ့အကြောင်းကလည်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတာ ဖြစ်တဲ့အတွက် ကျနော်တို့ တခြားပြဿနာတွေ၊ တခြားရင်ဆိုင်ရမယ့်ကိစ္စတွေကို လတ်တလော ပြည်သူလူထုနဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ဖြေရှင်းနိုင်တဲ့ အခြေအနေမရှိပါဘူး။ ပြည်သူအချင်းချင်းပဲ ကျောချင်းကပ်ပြီး၊ လက်ချင်းတွဲပြီးဖြေရှင်းနေကြရတဲ့အခြေအနေပါ။ သို့သော် အဲဒါဟာ အတိုင်းအတာတရပ်အထိတော့ တိုင်းပြည်ထိခိုက်နစ်နာမှုရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ စစ်အုပ်စုကို၊ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုလ်ရေး လူထုလှုပ်ရှားမှုတိုက်ပွဲ မြန်မြန်ဆန်ဆန် ပြီးမြောက်သွားမယ်ဆိုရင်တော့ စောစောကပြောတဲ့ ကိုဗစ်ပြဿနာ၊ စီးပွားရေးပြဿနာ၊ အလုပ်အကိုင်ပြဿနာ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကျနော်တို့ ခါးစည်းခံပြီးတော့ ပြန်ပြီးတော့ ဦးမော့လာအောင် လုပ်ကြရမှာ။ ဒီကာလအတွင်းမှာတော့ အဲဒီဆက်ထုံးကို မပြေလည်မချင်း ဘယ်ပြဿနာမှ ကောင်းကောင်းမွန်မွန်၊ ပီပီပြင်ပြင်ဖြေရှင်းနိုင်တဲ့အနေအထားမရှိဘူးလို့ယုံကြည်တဲ့အကြောင်း ပြောပါရစေ။”

မေး- ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်အခါသမယမှာ ဆရာ့ရဲ့ အမှတ်တရ အမှာစကားတခွန်းလောက် ပြောပေးပါလားခင်ဗျ။

ဖြေ - “အခုဆိုလို့ရှိရင်၊ ရှစ်လေးလုံး နှစ်ပတ်လည်ပါ။ ရှစ်လေးလုံးက လှုပ်ရှားမှုကြီးက ဒီမိုကရေစီအင်အားစုတွေအားလုံးက ဗမာပြည်မှာ တပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ခြေမှုန်းရမယ်၊ ဒီမိုကရေစီအစိုးရထူထောင်ရမယ်ဆိုတဲ့အလံကို ရှစ်လေးလုံးလှုပ်ရှားမှုကြီးက စပြီးထူခဲ့တာ။ အဲဒီ ရှစ်လေးလုံးက စပြီးတော့ သွေးမြေကျခံပြီးတော့ လွှင့်ထူလိုက်တဲ့ ဒီနေ့လက်ဆင့်ကမ်းသယ်ဆောင်လာတာဟာ ဒီနေ့ အထွေထွေညီညွတ်ရေးရပြီးတော့ ပြည်သူတရပ်လုံးက ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး၊ စစ်အာဏာရှင်စနစ် မြေမြှုပ်သင်္ဂြိုဟ်ရေးဆိုတဲ့ ပိုင်းဖြတ်ချက်တရပ်ကို ပြည်သူ သန်း ၅၀  အားလုံး တညီတညွတ်ချနိုင်တဲ့အခြေအနေကို ရောက်ရှိအောင် သွေးအသက်တွေ၊ တန်ဖိုးတွေပေးပြီးတော့ဖြတ်သန်းခဲ့တာဟာ ရှစ်လေးလုံးက ကြီးကျယ်တဲ့အခြေခံတွေ ချမှတ်ပေးခဲ့တာလို့ ကျနော် ယုံကြည်နေတုန်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024