မနေ့ညက စစ်ကောင်စီရဲ့ မီဒီယာ မြဝတီသတင်းမှာ လက်ပံတန်းမြို့က ကျောင်းသားတွေကို ရန်ကုန်မြို့က ရွှေဆိုင်ဖောက်ခွဲလုယက်မှုနဲ့ ဖောက်ခွဲရေးပြုလုပ်တဲ့ PDF အဖွဲ့ဝင်တွေဆိုပြီး လိမ်ညာအမှုဆင် သတင်းထုတ်ပြန်သွားခဲ့တယ်လို့ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတဦးက ပြောပါတယ်။
“မြဝတီသတင်းမှာ ကြေညာသွားတာက အကုန်အလိမ်တွေချည်းပဲပေါ့။ ကိုထက်ဝေယံတို့၊ ကိုယဉ်ကျေးတို့၊ ကိုထူးခန့်တို့က ရွှေဆိုင်ဖောက်ခွဲမှုမှာပါဖို့မပြောနဲ့ သူတို့တွေက ရန်ကုန်မှာတောင် ရှိကြတာမဟုတ်ဘူး။ တခြားမြို့နယ်တွေမှာ ဖမ်းဆီးခံလိုက်ရတဲ့ သမဂ္ဂကျောင်းသားတွေဖြစ်တယ်။ အခုက ဒီလူသတ်ကောင်တွေက အပြစ်မရှိတဲ့ကျောင်းသားတွေ၊ လူငယ်တွေ၊ ပြည်သူတွေကို မတရားဖမ်းဆီးပြီး မတရားအမှုဆင်ထားပြီး သတင်းအမှားတွေထုတ်ပြန်နေတာပဲဖြစ်တယ် သမဂ္ဂကျောင်းသားတွေကိုမတရားလိုက်လံဖမ်းဆီးပြီး မတရားဥပဒေတွေ လုပ်ရပ်တွေနဲ့အမှုဆင်ထားတာတွေပဲဖြစ်တယ်။”
ကိုထက်ဝေယံ၊ ကိုယဉ်ကျေးနဲ့ ချစ်ရင်ထူးတို့ကို ဇူလိုင် ၂၁ ရက်နေ့ညပိုင်းနဲ့ ကျန်သူတွေက ၂၂ ရက်နေ့ နေ့လယ်ပိုင်း ဥက္ကံမှာ ဖမ်းဆီးခံရတာဖြစ်ပြီး နှိပ်စက်ခံထားရတာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းယူထားတာ ၆ လပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေ ဖမ်းဆီခံခဲ့ရတဲ့ ရဲဘော်တွေအတွက် သွေးအေးသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“တိမ်းရှောင်နေကြရတဲ့ ရဲဘော်တွေ တော်လှန်နေဆဲရဲဘော်တွေ အများကြီးပါ။ ကျနော်တို့တွေ ဒီတော်လှန်ရေးကြီး မပြီးမချင်း ဒီရဲဘော်တွေ အကုန်ပေးဆပ်နေရတဲ့ ပေးဆပ်ခဲ့ရတဲ့ သွေးချွေးတွေအတွက် ကျနော်တို့ သွေးအေးလို့မဖြစ်ပါဘူး၊ ဆက်ပြီးတော်လှန်နေရပါမယ် ဒီလူသတ်ဖက်ဆစ်စစ်တပ်ကို ဖြုတ်မချနိုင်မချင်း ကျနော်တို့မနိုင်သေးပါဘူးဆိုတာကို ဒီကနေသတိပေးချင်ပါတယ်။”