မြန်မာနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားပြီး လူတွေရောဂါကူးစက် သေဆုံးမှု မြင့်တက်နေချိန် ရန်ကုန်မြို့က တန်ခိုးကြီး ရွှေတိဂုံစေတီတော်မှာ သံဃာတော်တွေက အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက် ၆ နာရီမှာ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်မှ ရွှေတိဂုံဩဝါဒါစရိယဆရာတော်ကြီး ဆရာတော်ဘဒ္ဒန္တပ၀ရာဘိဝံသ (နိုင်ငံတော် ဗဟိုသံဃာ့၀န်ဆောင်) ဆရာတော်ကြီးရဲ့ ဩဝါဒမိန့်ကြားချက်အရ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဆရာတော် ၁၂ ပါးက ရွှေတိဂုံစေတီတော် ဧည့်ခံတန်ဆောင်းမှာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ အန္တရာယ်ကင်း ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော်ခဲ့ကြတာပါ။
မြန်မာနိုင်ငံတဝန်းမှာတော့ လတ်တလော မတရား စစ်အာဏာသိမ်းမှုကာလဟာ ၆ လနီးပါး ရှိလာခဲ့ပြီဖြစ်ကာ တကျော့ပြန် ကိုဗစ်-၁၉ ကြောင့် ရောဂါကူးစက်ခံရသူတွေ စံချိန်တင်မြင့်တက်နေပြီး သေဆုံးသူတွေလည်း ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်နဲ့ သေဆုံးသူ ၆,၇၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အား ကစားဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အစိုးရဆေးရုံတွေက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီး ဝန်ထမ်းအင်အားမလုံလောက်တဲ့အပြင် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကနေ ထောက်ပံ့မှု ဘာမှမရတာကြောင့် သေဆုံးနှုန်းနဲ့ ကူးစက် နှုန်း ပိုများလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
တချို့ဆေးရုံတွေမှာတော့ လူနာအဆမတန်များလာတာတွေကြောင့် ပိုးစစ်ဆေးပေးတဲ့ လုပ်ငန်းကို မဆောင်ရွက်ပေးနိုင်တော့လို့ လုပ်ငန်းရပ်ဆိုင်းတာတွေရှိခဲ့ပါတယ်။
ရဟန်းသံဃာတော်တွေ အများအပြားလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတာနဲ့ ပျံလွန်တော်မူတာတွေလည်း ရှိနေပါတယ်။