စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကြံခင်းက ရဲဝန်ထမ်း ၂ ဦး ပုသိမ်ထောင်ထဲမှာ ဖျားနာနေတယ်လို့ သိရပါတယ်။
ထောင်အပြစ်ဒဏ်ကျခံနေရတဲ့ ရဲဝန်ထမ်း ၂ ဦး ဖျားနာနေတဲ့အကြောင်းကို ထောင်ကအရာရှိတစ်ဦးက မိခင်ဖြစ်သူဆီ ဆက်သွယ်ပြောဆိုလာမှ သိရတယ်လို့ ပြောပါတယ်။
“ထောင်ထဲမှာတော့ ဆေးထိုးပေးတယ်ပြောတယ်၊ ကလေး ၂ ယောက်က ဖျားနေတာ ကြာပါပြီ။ ၁ ပတ်လောက်ရှိပြီ ကြားတယ်။ အပြင်မှာ ဆေးကုသခွင့်ပေးတာမျိုးတော့ မရှိဘူး” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ထောင်ကျခံနေရတဲ့ ရဲဝန်ထမ်း ညီအစ်ကို ၂ ဦးကို တိုက်ခွဲထားပေမယ့် ၂ ဦးစလုံး ဖျားနာနေတာဖြစ်ပြီး မိသားစုနဲ့လည်း ထောင်ဝင်စာ ပေးမတွေ့သေးဘူးလို့ ဆိုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ထောင်ကျခဲ့တဲ့ ရဲ ၂ ယောက်ရဲ့ ဖခင်ကို အကြမ်းဖက်စစ်ကောင်စီက ဝရမ်းထုတ်ထားသလို ခုလည်း မိသားစုကို ချေးငွေပြန်ဆပ်ခိုင်းပြီး စိတ်ဒုက္ခအမျိုးမျိုးပေးနေတာလို့ မြင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်ကျခဲ့တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။