ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်အနီးက မိုင်ဂျာယာန်ကျောင်းတွေမှာ ကိုဗစ်-၁၉ ပိုးကူးစက်မှုတွေ့ရတယ်လို့ ကေအိုင်အို ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင် ၁၁ ရက်က ရေးသား ဖော်ပြထားပါတယ်။
မိုင်ဂျာယာန်ကျောင်းတွေမှာ ကိုဗစ်ပိုးတွေ့ရတဲ့အတွက် သက်ဆိုင်ရာက လိုအပ်တာတွေကို တာဝန်ယူ လုပ်ဆောင်နေတယ်လို့လည်း ကျောင်းသားမိဘတွေကို အသိပေးစာအဖြစ်ဖော်ပြထားတာပါ။
အဆိုပါ ကျောင်းက ကျောင်းသူကျောင်းသား ဘယ်နှယောက်မှာ တွေ့ရတယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။
မိုင်ဂျာယာန်မှာ ကိုဗစ်ပိုးတွေ့ရတယ်ဆိုပေမယ့် လိုင်ဇာမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။
လက်ရှိအချိန်ထိ ကေအိုင်အို အုပ်ချုပ်ရာဒေသတွင်း လူပေါင်း ၂၂၈၄၀ ကို ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်ပြီး ဆက်လက်ထိုးနှံပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိမှာ ကေအိုင်အို ထိန်းချုပ်ရာနယ်မြေများအတွင်း အဝင်အထွက်အားလုံး ပိတ်ထားတယ်လို့ သိရှိရပါတယ်။