ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေကို ထားစရာနေရာ မရှိတော့လို့ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးတာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့သူတွေနဲ့ ထိစပ်မိလို့ ကွာရန်တင်းဝင်ရမယ့်သူတွေနဲ့ သံသယရှိသူတွေ သွားရောက်စစ်ဆေးတဲ့အခါ စစ်ဆေးပေးတာမျိုး မပြုလုပ်တော့ဘူးလို့ ဆိုပါတယ်။
“ခုက ဘာဖြစ်နေလဲဆိုတော့ ဆေးရုံသွားလည်း စစ်မပေးတော့ဘူး၊ စစ်လို့ ပိုးတွေ့ရင် ထားဖို့နေရာ အခက်အခဲဖြစ်နေတာ။ အရင်က ကွာရန်တင်းနေရာတွေကို သူတို့ကတပ်စွဲထားတဲ့ နေရာမဖယ်ပေးတော့ ပြည်သူတွေအတွက် အခက်အခဲဖြစ်လာတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာ အနံ့ပျောက်တဲ့ လူနာများပြားနေပြီး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကွာရန်တင်း ဖွင့်လှစ်ဖို့ စီစဥ်ထားတဲ့ အားကစားရုံထဲမှာ စစ်တပ်က တပ်စွဲထားပြီး ဖယ်မပေးတာကြောင့် ခုလိုအခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။
ဇူလိုင်လဆန်းပိုင်းက စတင်ကာ ရောဂါကူးစက်မှု မြင့်တက်လာပေမယ့် ကန်ကြီးထောင့်မြို့မှာတော့ အားကစားပြိုင်ပွဲတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာ ဇူလိုင် ၈ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် အားလုံး ၁၉၈ ဦးရှိကာ ဘုန်းကြီး ၁ ပါး သေဆုံးခဲ့တယ်လို့ ဆေးရုံရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။