ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရေကြည်၊ ငါးသိုင်းချောင်းနဲ့အသုတ်က ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ကိုဗစ်သံသယလူနာများ စစ်ဆေးတဲ့အခါ အကြမ်းဖက်စစ်ကောင်စီက ၁ ဦးကို ငွေ ၁ သောင်းနှုန်းနဲ့ယူပြီးမှ ဆေးစစ်တာတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။
အခြားမြို့နယ်ကနေ ရေကြည်မြို့နယ်ကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာလို့ ဂိတ်မှာစစ်ဆေးပြီး သံသယရှိသူတွေနဲ့ ကိုဗစ်အတည်ပြုလူနာတွေနဲ့ ထိစပ်မိတဲ့သူတွေကို စစ်ဆေးတဲ့အခါ ငွေ ၁ သောင်းတောင်းယူတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကိုဗစ်စစ်တဲ့ပစ္စည်းတွေက အခမဲ့ထုတ်ပေးတာ၊ အဲဒါကို ၁ သောင်း တောင်းနေတာ။ တခြားမြို့တွေမှာ တောင်းတာမရှိဘူး၊ ဒီမြို့တစ်ခုပဲ ကွက်တောင်းနေတာ” လို့ ပြောပါတယ်။
ရောဂါပိုးစစ်ဆေးလို့ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့သူရော၊ ရောဂါပိုးမတွေ့ရှိတဲ့သူရော ငွေကျပ် ၁ သောင်းပေးရတာ ဖြစ်သလို ရောဂါပိုးရှိသူနဲ့ ဆက်စပ်မိတဲ့သူတွေ ထပ်စစ်ရင်လည်း ငွေကျပ် ၁ သောင်းပေးရတာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ် နယ်မြေထိစပ်နေတဲ့ ကျုံပျော်၊ လေးမျက်နှာနဲ့ ကျောင်းကုန်းမြို့တွေမှာတော့ အခမဲ့စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။
NLD အစိုးရလက်ထက်က ကိုဗစ်ပိုးတွေ့သူတွေနဲ့ ဆက်စပ်မိသူတွေကို စစ်ဆေးတဲ့အခါ အခမဲ့စစ်ဆေးတဲ့အပြင် သွားလာဖို့ စီစဥ်ပေးသလို ခုလိုကောက်ခံတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။