ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာမှာ ဇူလိုင် ၄ ရက် မနေ့ ညနေပိုင်းက မြေပြိုကျပြီး ကျင်းအငှားလိုက်တူးတဲ့ လူငယ် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။
အသက် ၁၆ နှစ် ၊ ၁၇ နှစ် နဲ့ ၂၀ နှစ်ရှိတဲ့ အဆိုပါလူရွယ် ၃ ဦးဟာ ခိုမုန်းရွာမှာ အိမ်သာကျင်း အငှားလိုက်တူးစဉ် ၁၅ ပေကျော်လောက်မှာ အပေါ်က မြေပြိုကျလာတာလို့ နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲရဲ့ အတွင်းရေးမှူး စိုင်းဝင်းလေးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေ ၃ နာရီလောက်က ခိုမုန်းရွာမှာ မြေပြိုမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်ဆိုလို့ ကျနော်တို့အသင်းက သွားကူခဲ့ပါတယ်။ ဟိုရောက်တော့ သူတို့ ၃ ယောက်လုံး မြေကြီးအောက်မှာ ပိနေပြီ။ အဲဒါ ဝိုင်းပြီးဆွဲထုတ်တော့ ၂ ယောက် ဒဏ်ရာ ရာရတယ်။ ၁ ယောက်ကတော့ သေဆုံးသွားပြီခင်ဗျ။ သေသွားတဲ့ တစ်ယောက်က အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ နောက် ၂ ယောက်လည်း လူငယ်လေးတွေပဲ။ ၁၆ နှစ် နဲ့ ၂၀ နှစ်။ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့က အငှားလိုက် အိမ်သာကျင်း တူးတာပေါ့နော်။ ၁၅ ပေကျော်လောက် အပေါ်ကမြေ ပြန်ပြိုကျလာတာ၊ မိုးရွာထားတော့ မြေသားမခိုင်တာလည်း ပါတယ်။ ပြီးတော့ သူတို့က အပေါ်ကို မကြည့်ဘဲ အောက်ကိုပဲ မဲပြီးတူးနေတော့ မြေပြိုကျလာတာ အချိန်မီမသိဘူးပေါ့။”
သေဆုံးသူရဲ့အလောင်းကို သူတို့အသင်းက ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ကရုဏာလူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံ (OPT) ဆောင်ကို ပို့ပေးခဲ့ပါတယ်။ ဒဏ်ရာရသူ ၂ ဦးရဲ့ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ နမ့်ခုံးအသင်းက ပြောပါတယ်။