မွန်ပြည်နယ် ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ်မှာ အသွားအလာကန့်သတ်ထားတဲ့ မီးရထားရဲဝန်ထမ်းမိသားစုတွေကို ဒုတိယအကြိမ် Swab စစ်ဆေးချက်အရ ဇူလိုင် ၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြု လူနာ ၂ ဦး ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ကိုဗစ်ကော်မတီက ပြောပါတယ်။
အဆိုပါ လူနာသစ် ၂ ဦးထဲမှာ ရေးမြို့ အထက-၂ မှာ ကျောင်းတက်နေတဲ့ ၈ တန်းကျောင်းသားတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
၈ တန်းကျောင်းသားမှာ ပိုးတွေ့ပြီးတဲ့နောက် သူနဲ့ တခန်းတည်း ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို ကိုဗစ် ပိုးရှိမရှိ ထပ်မံ စစ်ဆေးသွားမယ်လို့ ကိုဗစ်ကော်မတီက ပြောပါတယ်။
ရေးမြို့ပြည်သူ့ဆေးရုံမှာ ပိုးတွေ့ လူနာ ၄ ဦးကို လက်ရှိ ကုသပေးနေပြီး ပိုးတွေ့လူနာတွေနဲ့ ထိစပ်ထားသူတွေကိုတော့ နေအိမ်မှာသာ အသွားအလာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
ရေးမြို့မှာ လက်ရှိ ကိုဗစ်-၁၉ ကုသပေးနေတဲ့ ဆရာဝန် လုံလောက်မှုမရှိတဲ့အပြင် လူနာတွေရဲ့ စားသောက်ရေးအတွက် အလှူရှင်တွေလည်းမရှိတာကြောင့် လူနာတွေရဲ့ မိသားစုဝင်တွေကပဲ လိုအပ်တဲ့ စားသောက်ရေးကို ပို့ဆောင်ပေးနေရတယ်လို့ သိရပါတယ်။
အောက်ဆီဂျင် လိုအပ်မယ့် ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ထားတယ်လို့ မြို့နယ် ကိုဗစ်ကော်မတီဝင် တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ ပြန်လည်တွေ့ရှိလာတာနဲ့အမျှ ဇူလိုင် ၅ ရက်နေ့က စတင်ပြီး စားသောက်ဆိုင်အားလုံးကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ရေးမြို့နယ်မှာ မီးရထားရဲဝန်ထမ်း အတည်ပြုလူနာ ၇ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ရဲဝန်ထမ်းမိသားစုဝင်တွေအပါဝင် ဒီနေ့အထိ တတိယလှိုင်းကာလမှာ ကိုဗစ် ပိုးတွေ့လူနာသစ် ၁၂ ဦးအထိရှိလာနေပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ ရေးမြို့နယ်အတွင်း လူအများစုက Mask လည်း မတတ်ကြတော့သလို စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနကလည်း ကိုဗစ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း စည်းကမ်းတွေကို တင်းကျပ်ထားတွေ မရှိသေးဘူးလို့ သိရပါတယ်။