စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ အရှေ့ဘက်ရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲံ ဇူလိုင် ၁ ရက်နေ့က ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ ထိခိုက်ကျဆုံးခဲ့ပြီး ဇူလိုင်လ ၄ ရက် မနက်ပိုင်းမှာ သေဆုံးအလောင်း ၄ လောင်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁ ရက် မနက်ပိုင်းက အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ကနီမြို့အရှေ့ဘက် ကျေးရွာတွေကို စစ်ကား ၈ စီးနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ညနေပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကနီမြို့နယ် လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတဦဂက “သေတာက ဇူလိုင် ၁ ရက်နေ့ကတည်းက စစ်ခွေးတွေ လက်ချက်နဲ့သေတာ။ တိုက်ပွဲဖြစ်ပြီး အဲခွေးတွေက အနီးအနား ကျေးရွာတွေကို လိုက်မွှေတယ်။ အလောင်းကို အကောက်မခံဘူး။ မဲမဲမြင်ရာ အကုန်ထုတယ်။ ဒီနေ့မှ အလောင်းကောက်ရတော့ ရုပ်မပီတော့ဘူးပေါ့။ ပုပ်ပွနေတယ်။ အလောင်းက ၄ လောင်းပါ။ အခုလည်း ကနီမြို့နယ်အတွင်းကနေ စစ်ခွေးတွေက မပြန်သေးဘူး။ ကျေးရွာတွေထဲဝင်ပြီး လိုက်မွှေနေတယ်။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ သူတို့လိုချင်တာ ယူတယ်။ သူတို့ မလိုချင်တာဆိုရင် အကုန်ဖျက်ဆီးပစ်တယ်” လို့ ပြောပါတယ်။
ဇူလိုင် ၁ ရက်က ကနီမြို့အရှေ့ဘက် ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားသုံးကာ ပစ်ခတ်ခ့်တာကြောင့် ကျေးရွာ ၂၅ ရွာကျော်က ပြည်သူထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်တွေကလည်း ဇူလိုင် ၄ ရက်နေ့အထိ ကျေးရွာတိုင်းလိုလိုကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ် ဖျက်ဆီးပြီး တန်ကြေးရှိ ရွှေ၊ ငွေ နဲ့ ဆိုင်ကယ် စတဲ့အရာတွေကို ယူဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျေးရွာတိုင်းလိုလို နေအိမ်အများအပြား ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။