Home
ဆောင်းပါး
သတင်းများကပြောသည့် မြန်မာ့တော်လှန်ရေး(၃)
DVB
·
July 4, 2021

စစ်တပ်ကအာဏာသိမ်းထားတာ ၅ လကျော်လာပြီး ထိုအတောအတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အများစုပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  Peace Process Steering Team (PPST) ၏ အစည်းအဝေး သုံးကြိမ်ထက်မနည်း လုပ်ခဲ့တာ တွေ့မြင်ရသည်။ အစည်းအဝေးအပြီးထုတ်ပြန်ချက်များကြည့်လျင် ဝေဝေဝါးဝါးနိုင်လှတာ တွေ့မြင်ရသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့် အတူရပ်တည်သည်။ NUG ၏ သဘောထားကြေညာချက်ကို ထောက်ခံသည်။ ဒါလောက်ပဲ။ ပြည်သူလူထုနှင့် လက်တွဲပြီး ဘုံရန်သူဖြစ်သည့် စစ်တပ်ကို ဝိုင်းဝန်းတိုက်ခိုက်နှိမ်နင်းမည်ဆိုသည့် ပြတ်သားသည့်ကြေညာချက် တစောင်တလေပင် မမြင်ရ။ ဒီလိုမမြင်ရသည့်အပြင် အဆိုးဆုံးက ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အ ချင်းချင်းပင် စစ်တပ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲများ ဖြစ်နေပြီး ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ စစ်တပ်အာဏာသိမ်းကာလ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ရပ်တည်ချက်အနေအထားကို ဆန်းစစ်လေ့လာကြည့်မည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ ၊ ကေအန်ယူအစည်းအရုံး ကေအန်ယူ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့က ဘုံရန်သူစစ်တပ်ကို တော်လှန်ရေးတွင် နည်းမျိုးစုံနှင့် ပါဝင်နေကြသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်များက သူတို့အချင်းချင်းတိုက်နေကြပြီး တော်လှန်ရေးတွင် မပါဝင်ကြ။ အင်အားကြီးတပ်ဖွဲ့များဖြစ်သည့် UWSA ဝ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့တို့က တော်လှန်ရေးနှင့် ခပ်ကင်းကင်းနေပြီး  နှာစေးနေကြသည်။ AA ရက္ခိုင့်တပ်တော်က စစ်တပ်နှင့်တိတ်တိတ်ပုန်းညားနေပြီး ရခိုင်ပြည်နယ်အရေးက တော်လှန်ရေးပြီးလျှင် တမျိုး စဉ်စားရတော့မည် ထင်၏။ မွန်ပြည်သစ်ပါတီလည်း တိတ်ဆိတ်နေပြီး ဗမာစစ်တပ်နှင့် ဗမာ စစ်ဖြစ်နေတာဟု ကောက်ချက်ချပြောဆိုသူပင် ပေါ်ပေါက်ခဲ့သည်။ တော်လှန်ရေးအစောပိုင်းကာလများတွင် တအန်းပလောင်တပ်ဖွဲ့အပါအဝင် ညီနောင်တိုင်းရင်းသားတပ်ဖွဲ့ ၃ဖွဲ့ပေါင်းပြီး စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်မှု ၃ ကြိမ်ခန့်ပြုလုပ်ခဲ့တာ တွေ့ရသည်။

ဦးစွာ ရှမ်းတပ်အချင်းချင်းတိုက်ခိုက်နေသည့် သတင်းများကို ကြည့်ကြည့်ပါ။ ကျေးသီးမှာ SSPP နဲ့ RCSS တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ (RFA)။

အလားတူသတင်းများကို အခု စစ်တပ်အာဏာသိမ်းထားတဲ့ ၅ လအတွင်း ၅ ကြိမ်ထက်မနည်း ကြားခဲ့ရသည်။ တတ်သိနားလည်သူများကို မေးစမ်းကြည့်တော့ နယ်မြေလုရင်းတိုက်ပွဲဖြစ်ကြတာဟု ပြောသည်။ ဖြစ်နိုင်သည်။ ဒေသခံများနှင့် စကားပြောကြည့်တော့ ရှမ်းပြည်နယ်အတွင်း တကြိမ်တခါမျှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်  ရွာများအနီးတွင်ပါ တိုက်ပွဲများ ဖြစ်လာသည်ဟု ပြောကြသည်။

သတင်းတွင် “RCSS ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းခမ်းစံကတော့ လက်ရှိတိုက်ပွဲဟာ လွိုင်ဟုန်းတောင်မှာ တပ်စွဲထားတဲ့ သူတို့တပ်ဖွဲ့ကို SSPP က အင်အားအလုံးအရင်းနဲ့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်တယ်လို့  RFA ကို ပြောပါတယ်။ " ဟု ပါရှိသည်။

"SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်ကတော့ အရင်က သူတို့တပ်ဖွဲ့ရဲ့ တပ်စခန်းကို RCSS က သိမ်းပိုက်ထားလို့ ပြန်လည်တိုက်ခိုက်ရတာဖြစ်ကြောင်း ပြောပါတယ်။ ပါးကိုက်လို့ နားကိုက်ဆိုတာမျိုးပင်။ အခုတဖန် ထူးလာပြန်သည်က ‘၀’ တပ်ဖွဲ့က ကူတိုက်ပေးနေဆိုသည့်အချက် ဖြစ်သည်။

"UWSA ရဲ့ လားရှိုးရုံး တာဝန်ခံ ကိုညီရမ်းကလည်း SSPP နဲ့ RCSS တပ်ဖွဲ့တွေမှာ ‘၀’ လူမျိုး စစ်သားတွေရှိနိုင်ကြောင်း ဒီအတွက် ‘၀’ စကားပြောတိုင်း UWSA စစ်သားတွေပါတယ်လို့ ပြောလို့မရကြောင်း RFA ကို ပြောပါတယ်။ "သတင်းနှင့်ဆက်စပ်နေသည်က အခု ကျင်းပပြုလုပ်နေသည့် PPST အစည်းအဝေးတွင်  PPST အဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ပြောစကားဖြစ်သည်။

"ရှမ်းပြည်နယ်က လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေမှာ အဖွဲ့အစည်းအချို့က နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေလို့ စစ်ရေးပွတ်တိုက်မှုတွေ ပိုမိုကျယ်ပြန့် ကြီးမားလာနိုင်တယ်လို့ ဒီနေ့ပြုလုပ်တဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအဝေးမှာ PPST အဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။"(RFA)

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပြစ်တင်စွပ်စွဲမှုများ ရှိလာပြီး ရှေ့လျှောက်စစ်ရေး ပိုတင်းမာမယ့် လက္ခဏာပြနေတယ်။ အကြမ်းဖက်စစ်တပ် အကြိုက်သတင်းများပေါ့။ ဘုံရန်သူစစ်တပ်ကို ဝင်ရောက်ကူညီတိုက်ခိုက်ပေးရန် နေနေသာသာ သူတို့တပ်ဖွဲ့အချင်းချင်းပင် အမယ်ဘုတ်ကဲ့ သူ့ချည်မျှင်ရှင်းနိုင်မည်မထင်အခြေအနေပါ။

တဘက်တွင် NUG က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုထားသော်လည်း အားလုံးပူးပေါင်းပါဝင်မှုတော့ မဖြစ်နိုင်ဟု လတ်တလော တိုက်ပွဲသတင်းများက ညွှန်ပြနေသည်။ HPDF နှင့် ကေအိုင်အေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံး(DVB)။ KNU တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်ကြား တလအတွင်း တိုက်ပွဲများစွာဖြစ်ခဲ့ (VOA)။ DKBA ခွဲထွက်အဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်((DVB)။ တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့ အချို့နှင့် ပြည်သူ့စစ်အဖွဲ့တို့ဆိုလျှင် စစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်တာမျိုးပင် ရှိခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုနှင့် မပူးပေါင်းရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ကို တိုက်တွန်း(DVB)။ မွန်ပြည်သစ်ပါတီလက်နက်ကိုင်အဖွဲ့ကို ပြည်သူနှင့်အတူ ရပ်တည်ရန် တောင်းဆို(DVB)။

အားရစရာမရှိသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မြန်မာနိုင်ငံတွင် များမှများ။ ယခု ဇူလိုင် ၁ နှင့် ၂ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက်ချရန်ဆိုသည့် အာဂျင်တာ တခုပါသည်။ နှစ်ရက်တာအစည်းအဝေးကနေ ဘာသဘောတူညီချက် ထုတ်ပြန်ချက်တစုံတရာ မချမှတ်နိုင်ဘဲ ပြီးသွားသည်။ စစ်တပ်က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲထားမည်ဟု လေသံကောင်းလွှင့်ထားပြီး PDF များကို တိုက်နေသည်။ တူမီးကိုင် PDF များကမှ တချို့သော တိုင်းရင်းသားတပ်ဖွဲ့တို့ထက်စာလျင် အပုံကြီးအားကိုးရသေးသည်။ သတင်းများကပြောပြနေသည့် နွေဦးတော်လှန်ရေးတွင် တိုင်းရင်းသားတပ်ဖွဲ့များ၏ ပါဝင်မှု အခန်းကဏ္ဍ ဖြစ်သည်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။

သစ်နွေဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024