စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ပျူစောထီးအဖွဲ့က NLD ပါတီဝင်တွေနဲ့ တော်လှန်ရေး ဆောင်ရွက်နေတဲ့သူ ၉၉ ဦးစာရင်းကို ဓာတ်တိုင်တွေမှာ လိုက်ကပ်ပြီး ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘို PDF အဖွဲ့ဝင်တစ်ဦးက ဇူလိုင် ၂ ရက်နေ့မှာ ပြောပါတယ်။
ခြိမ်းခြောက်စာမှာ NLD ပါတီဝင်တွေနဲ့ ထောက်ခံအားပေးသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အာမ မခံနိုင်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင် ကိုသူရိန်က စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ပျူစောထီးလို လက်ပါးစေအဖွဲ့တွေကို အသုံးပြုပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်မှာ ၂၇ မြို့နယ်အထိ PDF တွေ ချိတ်ဆက်ဆောင်ရွက်နေပြီး ကြားကာလစီမံချက်အရ CDM ဝန်ထမ်းတွေ၊ သပိတ်မှာ ပါဝင်သူတွေနဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီရန်ကနေ အကာအကွယ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။