ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားနှစ်ဦးနဲ့ မိသားစု၀င်အားလုံးဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကျောင်းသားနှစ်ဦးဟာ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း မှာ တက်ရောက်ပညာသင်ကြားနေတဲ့ ၁၀ တန်း ကျောင်းသူနဲ့ ၅ တန်းကျောင်းသားတို့ဖြစ်ပြီး အနံ့ပျောက်လာလို့ သွားရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ဆက်စပ်တဲ့ မိသားစု၀င်တွေကို ထပ်မံစစ်ဆေးရာ စုစုပေါင်း ၁၁ ဦးမှာလည်း ပိုးတွေ့ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အဆိုပါပိုးတွေ့ရှိတဲ့ ဝိုင်းမော် အမှတ် ၁ ရက်ကွက် သပြေကုန်းရှိနေအိမ်ကို ချိတ်ပိတ်ကာ အသွားအလာကန့်သတ် ပြုလုပ်လိုက်ပြီလို့ သိရပါတယ်။
ကျောင်းသားမိဘတစ်ဦးက “မနေ့ကလည်း ခတ်ချိုကျေးရွာကျောင်းမှာ မခန်းတီးဘက်က ကျောင်းသားတစ်ယောက် ပိုးတွေ့တယ်၊ အခုက မြို့ပေါ် ကျောင်းတွေမှာပါပိုးတွေ့လာပြီဆိုတော့ စိုးရိမ်မိတယ်၊ ဖြစ်နိုင်ရင် ကျောင်းပိတ်ရင်ကောင်းမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ဝိုင်းမော်မြို့နယ်မှာ မေလကုန်က ပထမဦးဆုံး ကိုဗစ်ပိုးပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြို့တွင်းရှိ အခြေခံပညာကျောင်းတွေမှာပါ ပိုးတွေ့ရှိလာခဲ့တာဖြစ်ပါတယ်။