ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက ဦးတေဇပိုင် ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူငယ် ၆ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ ညပိုင်းမှာပဲ အဲ့ရပ်ကွက်မှာနေထိုင်တဲ့ လူငယ်အမျိုးသား ၁ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် လူငယ် ၆ ဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"အရင်ဆုံးအဖမ်းခံလိုက်ရတဲ့ သူက ဖြစ်တဲ့နေရာနဲ့ ၃ မိနစ်လောက် လမ်းလျှောက်ရင်ရောက်တဲ့နေရာမှာ နေတာ၊ အဲ့နားမှာတွေ့တော့ ဖမ်းသွားတာ၊ ပြီးတော့ လက်နက်တွေနဲ့ မိတယ်ဆိုပြီး သတင်းလွှင့်တာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ လက်အောက်ခံ ရဲကြေးနန်းထဲမှာ လူငယ် ၁ ဦးကို ဗုံး၊ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့ပြီးနောက်ပိုင်း နောက်ထပ် ၆ ဦးကို ထပ်မံဖမ်းမိခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ဒေသခံအများစုကတော့ ခုလိုဖမ်းဆီးတာဟာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ စစ်တပ်ပေါင်းပြီး လုပ်ကြံတာသာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ထိရှိ လာပြီလို့ သိရပါတယ်။