ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လူ ၅ ဦးထက်ပိုမစုရ အမိန့်ကြောင့် ဒေသခံ ပြည်သူတွေဟာ ဇွန် ၉ ရက် နေ့လည်ပိုင်းက မြို့ပြင်လယ်ကွင်းတွေပေါ်မှာ စစ်အာဏာရှင်အပြီးတိုင် ပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။
မိုးကောင်းဒေသခံတစ်ဦးက "အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းစဉ်ကတည်းက ကြေညာထားတဲ့ ညမထွက်ရအမိန့်နဲ့ လူငါးဦးထက်ပိုမစုရအမိန့်ကို ဇွန်လ ၈ ရက်နေ့ညက မြို့တွင်းမှာလှည့်လည်ပြီး တကျော့ပြန်ကြေညာကာ လုံခြုံရေးတွေ တိုးမြှင့်ချထားတာကြောင့် အရင်နေ့တွေကလို မြို့တွင်းလမ်းမတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြဖို့ အခက်အခဲရှိလာတဲ့ အတွက် မြို့ပြင် လယ်ကွင်းတွေမှာ ထွက်ပြီး ဆန္ဒပြရတာ” လို့ ပြောပါတယ်။
မိုးကောင်း ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ မြို့အပြင်ဘက် လယ်ကွင်းပြင်မှာလူစုပြီး "ဘာလိုချင်လဲ ဒီမိုကရေစီ"၊ "ဘယ်သူ့အတွက်လဲ နောက်မျိုးဆက်အတွက်"၊ "ဘာတိုက်ပွဲလဲ ပြည်သူ့တိုက်ပွဲ"၊ "တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်" စတဲ့ ကြွေးကြော်သံတွေနဲ့ စာတန်းသပိတ် ဆင်နွှဲခဲ့ကြပါတယ်။