မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောစံပြကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ပစ်မိန့်ပေးထားတယ်လို့ သတင်းကြားတာကြောင့် ရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇီးတောစံပြကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ပြီးတော့ ပစ်မိန့်ပေးထားတယ်လို့ သတင်းတွေကြားတာကြောင့် ဇွန်လ ၉ ရက် ဒီနေ့အချိန်ထိ ရွာကို မပြန်ရဲဘဲ တစ်ရွာလုံးထွက်ပြေးနေရတယ်လို့ ဇီးတောဒေသခံတစ်ယောက်က ပြောပါတယ်။
ဇီးတောကျေးရွာမှာ ဇွန်လ ၇ ရက် ည ၉ နာရီကျော်လောက်က အလယ်တန်း ကျောင်းဆောင် မီးလောင်မှုဖြစ်ပွားတဲ့နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်လာပြီး ရွာသားတွေကို သတ်ပစ်မယ်လို့ ဆဲဆိုကြိမ်းမောင်းပြီးတော့ သေနတ်တွေပစ်ဖောက်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်တပ်တွေ ရောက်လာပြီးတော့ သေနတ်တွေပစ်ဖောက်ကာ ဆဲဆိုကြိမ်းမောင်းသွားပြီးတော့ တောထဲမှာရှိတဲ့ CDM ကျောင်းဆရာတစ်ယောက်ရဲ့ တဲကိုလည်း မီးရှိုဖျက်ဆီးသွားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒလန်အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီးအဖွဲ့ဝင် အယောက် ၂၀ လောက်နဲ့ ဇီးတောကျေးရွာကို ဝင်ရောက်မွှေနှောက်တာ ၄ ကြိမ်ထိရှိနေပြီးတော့ နေအိမ်တွေဖျက်ဆီးကာ ပစ္စည်းယူသွားတာတွေလည်း ရှိနေတယ်လို့ ရွာသားတွေက ပြောပါတယ်။