နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူနဲ့အတူနေမိသားစုတွေ ရိက္ခာနဲ့ဆေးဝါးအတွက် ငွေကြေး လိုအပ်နေတဲ့အတွက် စီစဉ်ပေးဖို့ ဒီနေ့ ဇွန်လ ၇ ရက် ရုံးချိန်းမှာ ရှေ့နေနဲ့ တွေ့ဆုံစဉ် မှာကြားခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
“ပြည်သူတွေ ကျန်းမာအောင်နေဖို့ အဓိကမှာတယ်။ အတူနေတဲ့မိသားစုမှာလည်း ငွေနည်းနေပြီလို့ ပြောတယ်။ ကျမတို့ ဆောင်ရွက်ပေးနိုင်ရင် ဆောင်ရွက်ပေးပါလို့ မှာတယ်။ နောက်ပြီး ဆေးဝါးလေးတွေ လိုအပ်တယ်။ သက်ဆိုင်ရာဌာနကတော့ ပြောပါတယ်။ သူတို့ စီစဉ်ပေးမယ်လို့။ ဒါပေမဲ့ အမေက မလိုချင်ဘူး။ မလိုချင်တဲ့အတွက် ကျမတို့ကို စီစဉ်ပေးနိုင်ရင် စီစဉ်ပေးပါလို့ ပြောပါတယ်။ ပမာဏကတော့ လောလောဆယ်လက်ထဲမှာ သိန်းငါးဆယ်လောက်ရှိမှ အဆင်ပြေမယ်လို့ ပြောပါတယ်။ ရိက္ခာနဲ့ပတ်သက်တာတွေ ပုံမှန်ပို့ပေးလို့ရအောင်လည်း တောင်းဆိုပါတယ်။ ကျမတို့ ရှေ့နေတွေဘက်ကတော့ တတ်နိုင်သလောက် ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပါတယ်။ နှစ်ပတ် တခါ ရိက္ခာလိုအပ်တယ်။ သုံးစရာငွေလည်း နည်းနေတဲ့အတွက် စီစဉ်ပေးပါလို့ ကျမတို့ကိုမှာတာပါ။ သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့မှ လာပို့ပေးဖို့ ပြောပါတယ်။ တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့ပြီးတော့မှ အမေကိုယ်တိုင်လည်းပြောပါတယ်” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို ၆ လအတွင်း အပြီးစစ်ဖို့ ယေဘုယျ သဘောတူထားတယ်လို့ ဒီနေ့ ဇွန်လ ၇ ရက် ရုံးချိန်းအပြီးမှာ သူတို့ရဲ့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ သူတို့ ၃ ယောက်စလုံး ရှေ့နေတွေနဲ့ မိနစ် ၃၀ ကြာတွေ့ဆုံခွင့်ခဲ့ပြီး သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ၆ လ( ရက်ပေါင်း၁၈၀)အတွင်း အပြီးစစ်ဖို့အတွက် ကနဦးမှုခင်းစီမံခန့်ခွဲရေး ဆုံးဖြတ်ချက်အရ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ ကတည်းက တရားစွဲဆိုထားတာဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ အမှုနဲ့ပတ်သက်ပြီး မစစ်ဆေးရသေးပါဘူး။
ရက်ပေါင်း ၁၈၀ အတွင်းအမှုကို အပြီးသတ်စစ်ဆေးရမှာ ဖြစ်တဲ့အတွက် တရားလိုပြသက်သေတွေကို ဇွန်လ ၂၈ ရက် နောက်ဆုံးထား စစ်ဆေးမှာဖြစ်ပြီး အမှုကို ဇူလိုင်လ ၂၆ ရက်နေ့ နောက်ဆုံးထားကာ အပြီးစစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေပြီး ပန်းတော့ မပန်ထားဘူးလို့ရှေ့နေ တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့ သုံးဦးသီးခြား တွေ့ဆုံခွင့်ရဖို့ကိုလည်း တရားရုံးမှာတောင်းဆိုခဲ့ပါတယ်။
“ပန်းတော့မပန်ထားပါဘူး။ ဆံညှပ်လေးနဲ့ ဆံပင်ကို ညှပ်ထားပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ လန်းလန်းဆန်းဆန်းပါပဲ။ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့ သုံးဦးတွေ့ဆုံခွင့်ကိုလည်း တောင်းပါတယ်။ အမှုတွဲတစ်ခုတည်းဖြစ်လို့ တွေ့ဆုံပြီး စကားပြောခွင့်ရဖို့ တောင်းတဲ့အခါမှာ တရားသူကြီးက သက်ဆိုင်ရာ ထိန်းသိမ်းထားတဲ့သူတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ပါလို့ ပြောပါတယ်။ ကျမတို့ အဲဒါကိုလည်း ထိန်းသိမ်းထားတဲ့သူတွေအားလုံးနဲ့ စုပြီးတော့မှ တောင်းဆိုခဲ့ပါတယ်” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေး အန္တရာယ်အက်ဥပဒေအပါအဝင် ပုဒ်မ ၅ ခုနဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုထားတာဖြစ်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွဲအပြင် သီးခြားပုဒ်မတွေနဲ့လည်း စစ်ကောင်စီက တရားစွဲထားပါတယ်။