မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၄ လကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးခံရသူအရေအတွက် ၇၆ ယောက်ထိ ရှိနေပြီး ဒီထက်လည်း ပိုများနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့ခေါင်း ဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ တရားမဲ့ ဖမ်းဆီးတာတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်လာခဲ့ကြတာပါ။
အဲဒီလို ဖမ်းဆီးမှုတွေထဲမှာ သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို လမ်းပေါ်မှာ အင်အားသုံး အကြမ်းဖက်ဖမ်းဆီးတာတွေ၊ နေအိမ်မှာ အတင်းဝင်ဖမ်းတာတွေအပြင် အကြမ်း ဖက်ပစ်ခတ်နှိမ်နင်းခံရလို့ ဆေးရုံတက်ရောက်ကုသနေချိန်မှာတောင် ဖမ်းဆီးတာတွေ ရှိခဲ့ တယ်လို့ အေအေပီပီက ဆိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာတော့ ဖမ်းဆီးလိုသူကို ဝင်ရောက်ဖမ်းဆီးချိန်မှာ မတွေ့ခဲ့ရင် နေအိမ်မှာ ရှိနေတဲ့ တွေ့သမျှ မိသားစုဝင်တွေ ညီအစ်ကိုမောင်နှမ၊ အဖေအမေနဲ့ သက်ကြီးရွယ်ကို ဘိုးဘွားနဲ့ ကလေးသူငယ်တွေပါမချိန် ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေလည်း ရှိလာခဲ့တာပါ။
အေအေပီပီရဲ့ စာရင်းပြုစုထားတဲ့ မှတ်တမ်းတွေအရ လတ်တလောအချိန်ထိ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေထဲက ၂၈ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၄၅ ယောက်ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ကာ ၁ ယောက်ကို ထောင်ဒဏ်နဲ့ ကျန် ၂ ယောက်ကိုတော့ နေအိမ် အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ ချုပ်နှောင်ထားခံရတဲ့ ၄၅ ယောက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီခေါင်းဆောင်တွေ၊ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အာဏာဖီဆန်ရေး CDM လုပ်ထားသူတွေ၊ ၅၀၅-က နဲ့ ဝရမ်းထုတ်ထားသူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲခံရသူတွေ အစရှိသူတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ခုလိုဓားစာခံအဖြစ် ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ အင်မတန်စက်ဆုတ် ရွံရှာစရာဖြစ်ပြီး လုံးဝသည်းမခံနိုင်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အ ပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံက ၂၀၀၄ ခုနှစ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။
အေအေပီပီ အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်တွေကို ပြင်းပြင်း ထန်ထန် ကန့်ကွက်လိုက်ပြီး ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။