မြဝတီ-မဲဆောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားကနေ မြန်မာပြည်ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာနိုင်ငံဘက်က ဇွန်လ ၁ ရက်နေ့ကစပြီး သီတင်း ၂ ပတ်ကြာ အဝင်မခံတော့ဘဲ ရပ်ဆိုင်းထားလိုက်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာပြည် ပြန်ဝင်လာတဲ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါ ပါလာတာ တွေ့ရှိရတာကြောင့် ပြည်ဝင်ခွင့် ယာယီရပ်ဆိုင်းထားလိုက်တာလို့ နယ်စပ်ဂိတ် တာဝန်ရှိသူတွေထံက သိရပါတယ်။
ဒါကြောင့် မနေ့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှာ ကျန်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နောက်ဆုံးအသုတ်အဖြစ် ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။
ကိုဗစ်ကာလမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဆီ နေရပ်ပြန်လာသူတွေကို မတ်လ ၂၁ ရက်နေ့က စတင်ကြိုဆိုလက်ခံခဲ့ရာ မေလ ၃၁ ရက်နေ့အထိ နေရပ်ပြန်လာသူ ၁၉၀,၀၀၀ ဝန်းကျင် လက်ခံဆောင်ရွက်နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၆၀,၀၀၀ နီးပါးနဲ့ အာဆီယံဒေသတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၄ နေရာမှာ ရှိနေပါတယ်။