တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကယားပြည်နယ်တွင်းက ပြည်သူတွေ အတွက် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ Kareeni State Consultative Council (KSCC) က ငွေကျပ်သိန်း ၉၀ လှူဒါန်းခဲ့ပါတယ်။
ဒီလှူဒါန်းမှုမှာတော့ ပြည်သူတွေအတွက် လိုအပ်နေတဲ့ နေထိုင်ရေးပစ္စည်းတွေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ၊တခြားအသုံးအဆောင်တွေအတွက် အသုံးပြုဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားဩပြု ကော်မတီ(CPRH)ကတဆင့် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဆက်သွယ် လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း CPRH ထံ ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။
နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေ ခဲ့ကြပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမို တင်းမာလာနေခဲ့ကာ ကယားပြည်နယ်မှာလည်း တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေ ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အာဏာသိမ်းမှု ၄ လနီးပါးရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ် အင်အားစုတွေရဲ့ ပစ်မှတ်ထားအကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ၊ အရပ်သားပြည်သူတွေ ကျဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်နှိမ်နင်းမှုကြောင့် လက်ရှိအချိန်ထိ ကျဆုံး ပြည်သူ ၈၃၁ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူအရေအတွက် ၅,၄၄၆ ယောက်ထိ ရှိတယ်လို့ သိရပါတယ်။