Home
မြန်မာသတင်း
သေဆုံး ကလေး ၇၀ ကျော်အတွက် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာကအရေးယူနိုင်ရန် စီစဉ်နေ
DVB
·
May 27, 2021

အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် ကလေး ၇၀ ကျော်အတွက် နိုင်ငံတကာက အရေးယူနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ် ၇၃ ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အတည်ပြုပါတယ်။ 

စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေထဲမှာ ယောကျ်ားလေး ၆၃ ဦး၊ မိန်းကလေး ၉ ဦးနဲ့ ကျားမ မသေချာသူ ၁ ဦးပါဝင်ခဲ့ပါတယ်။ 

ဒီဖြစ်စဉ်တွေဟာ ကလေးသူငယ်တွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အချက်ကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာဖြစ်တဲ့အတွက် နိုင်ငံတကာက အရေးယူနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရှိတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ ကလေးသူငယ်ကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အချက်ကိုပါ ထိခိုက်သွားပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးယူဆောင်ရွက်ဖို့ လမ်းကြောင်းကို သွားနိုင်မယ့်အခြေအနေဖြစ်ပါတယ်။ အခုရရှိတဲ့ အချက်အလက်တွေက ကျနော်တို့ကို ပေးပို့ထားတဲ့အချက်အလက်တွေဖြစ်ပါတယ်။ ဒါတွေက အလကားနေရင်း ပျောက်ပျက်သွားတာမဟုတ်ဘဲ တချိန်ချိန်ကျရင် ကျူးလွန်ခဲ့တဲ့သူတွေကို ရာဇဝတ်မှုလမ်းကြောင်းအရ အရေးယူနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ပေးရမှာဖြစ်တယ်။ အခုကတည်းက ပြင်ဆင်နေတာရှိပါတယ်။ ကလေးတွေ သေဆုံးမှုဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုပါ ချိုးဖောက်ဖျက်ဆီးရာရောက်ပါတယ်။ ကလေးတွေ သေဆုံးမှုထပ်မဖြစ်အောင် ရေရှည်အနာဂတ်မှာ တားဆီးနိုင်မယ့် ပဋိပက္ခတားဆီးရေး ဥပဒေဆိုင်ရာဆောင်ရွက် ချက်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ “

စစ်ကောင်စီက ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် လမ်းပေါ်မှာ ဆန္ဒထုတ်ဖော်ရင်း ပစ်ခတ်ခံရတာတွေရှိသလို နေအိမ်ထဲအထိ ဝင်ရောက်သတ်ဖြတ်ခံရတာတွေလည်းရှိခဲ့ပါတယ်။ တချို့ကလေးတွေဟာ အိမ်ပြင်မှာ စားနေရင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်တွေကို ကြည့်ပါက အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာသဘောတူစာချုပ်တွေနဲ့ ပြည်တွင်းဥပဒေ တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

“နိုင်ငံတကာစာချုပ်မှာပါတဲ့အချက်တွေကို ချိုးဖောက်တာရှိသလို မြန်မာပြည်မှရှိနေတဲ့ စာချုပ်ကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တာကို တွေ့ရပါတယ်။ ကလေးသူငယ်တွေကို အကာအကွယ်ပေးရမယ်ဆိုတာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ တကယ့်ရာဇဝတ်မှုအဆင့်ကို ရောက်တယ်လို့ပြောလို့ရတယ်။ ကလေးသူငယ်တွေကို တတ်နိုင်သရွေ့ အကြမ်းဖက်မှုတွေမလုပ်ရဘူးဆိုပြီးတော့ရှိနေပေမယ့် အခုဖြစ်နေတာတွေကတော့ ကလေးသူငယ်တွေကို အကြမ်းဖက်နေတာတွေဖြစ်နေတယ်။ ကလေးတွေဒုက္ခရောက်အောင် သူတို့ရဲ့ကျောင်းတွေ နေရာတွေကို ဖျက်ဆီးရုံတင်မကဘဲနဲ့ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ဖြတ်တောက်နေတာတွေကို ကျနော်တို့ တွေ့နေရတယ်။”

တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြတဲ့ ကလေးသူငယ်သေဆုံးမှုစာရင်းထဲမှာ တမြို့လုံးကို ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့ မင်းတပ်၊ ကနီနဲ့ ဒီးမော့ဆိုဒေသတွေက သေဆုံးစာရင်းတွေ မပါဝင်သေးပါဘူး။ ထပ်တိုးစာရင်းတွေကို ပြင်ဆင်စုဆောင်းနေပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီကလူ့အခွင့်အရေး ချိုးဖောက်အကြမ်းဖက်တာတွေကို စုဆောင်းပေးပို့ကြဖို့ လူ့အခွင့်အရေးဝန်ကြီးက တိုက်တွန်းပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024