ကလေးငယ်တွေအတွက် ကူညီပေးအပ်တဲ့ UNICEF ရဲ့ အထောက်အပံ့တွေကို တခြားရည်ရွယ်ချက်နဲ့ အသုံးပြုတာကို လက်သင့်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရန်ကုန်ရုံးက မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်မှာ အရပ်သားတွေကို တပ်သားအဖြစ် စုဆောင်းဖို့အတွက် UNICEF မှပံ့ပိုးထားတဲ့ ဆပ်ပြာတောင့်တွေနဲ့ အဝတ်နှာခေါင်းစည်းတွေကို အသုံးပြုနေတယ်လို့ စွပ်စွဲထားတဲ့ မီဒီယာအစီရင်ခံစာတွေကို UNICEFအနေနဲ့ သတိပြုမိတယ်လို့ဆိုပါတယ်။
ဒါကြောင့် UNICEFအနေနဲ့ မိမိတို့ပံ့ပိုးထားတဲ့ အထောက်အပံ့တွေကို အခွင့်မရှိဘဲ အသုံးပြုမှုဆိုင်ရာတွေနဲ့ စပ်လျဉ်းလို့ စိုးရိမ်နေပြီး စုံစမ်းထောက်လှမ်းနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
UNICEF အနေနဲ့ နိုင်ငံအနှံ့ရှိ ကလေးသူငယ်တွေနဲ့ မိသားစုတွေထံ ရောက်ရှိစေမယ့် မရှိမဖြစ်အရေးပါတဲ့ အထောက်အပံ့ပစ္စည်းတွေကို ကချင်ပြည်နယ်နဲ့ မြန်မာပြည်တစ်လွှား ဖြန့်ဝေပေးဖို့ ကချင်ပြည်နယ်ရှိဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေတာဖြစ်ပါတယ်။