ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေ ၂၀ ရက် မနက်ပိုင်းကစလို့ ရပ်ကွက်၊ ကျေးရွာ တချို့မှာ ချထားတဲ့ အတားအဆီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖယ်ရှားနေသလို လူတွေကိုလည်း အိမ်ထဲအထိ လိုက်လံဖမ်းဆီးနေတာကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးကျေးရွာက အတားဆီးတွေကို ဒီကနေ့မနက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လိုက်လံဖယ်ရှားနေချိန် ဒေသခံတွေနဲ့ တင်းမားမှုတွေဖြစ်ပြီး ပစ်ခတ်ခဲ့ရာမှာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆိုဒေသခံတွေက ပြောပါတယ်။
အလားတူ ဒီးမော့ဆိုမြို့ မားနားပလော့ရပ်ကွက်မှာ နာရေးပြုလုပ်နေတဲ့ နေအိမ်မှာ ကူညီလုပ်ဆောင်ပေးတဲ့ အမျိုးသား ၈ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ မနက် ၁၀ နာရီကျော်လာဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး စံပြ ၆ မိုင်ကျေးရွာ ကယောပိုင်းမှာလည်း ဒီနေ့ ညနေ ၃ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး တက်ကြွလှုပ်ရှားသူ ၅ ဦးကို ဖမ်းဆီး သွားတယ်လို့ စံပြ ၆ မိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ညနေ ၆ နာရီခန့်မှာလည်း ကယားပြည်နယ်အခြေစိုက် ကန္တရဝတီတမ်း အယ်ဒီတာ ရဲ့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေသလိုပဲ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားလာ နိုင်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကြောင့် ရွာခံအများစုဟာ တောတောင်တွေ၊ တောင်ယာတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
“၆ မိုင်ကဆိုရင် မနေ့ကတည်းက ထွက်ပြေးကြတာ။ အဲလိုတွေဝင်ဖမ်းတော့ သူတို့လည်း ထွက်ပြေးပြီပေါ့။ နောက်တံခါးတွေဘာတွေ ဝင်ဖျက်တာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဝင်ပစ်တော့မှာလားပေါ့။ အဲလိုစိတ်နဲ့ သူတို့ အကုန်ထွက်ပြေးကြတာ။ ၆ မိုင်တို့၊ ၅ မိုင်တို့၊ နော်ကဒေါငံခါး၊ ကုန်းသာတလျှောက် အဲလိုတွေ ထွက်ပြေးကြတယ်ပြောတယ်။ အဓိက ဝင်ဖမ်းတာ သူတို့ အင်အားလုံးအရင်းနဲ့ ပြီးတော့ စက်တွေနဲ့ လမ်းတွေကို ထိုးသွားတာတွေပေါ့၊ အဲဒါတွေကြောင့်မို့လို့ ရွာသွားတွေက ထွက်ပြေးကြတာပဲ။ စစ်သားတွေဝင်လာတာနဲ့ သူတို့ ပြေးကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မေ ၁၉ ရက်ကလည်း လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့က တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို နေအိမ်အထိ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။