ဖမ်းဆီးခံမိန်းကလေးငယ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက စစ်ကြောရေးမှာ အိန္ဒြေပျက်အရှက်ရအောင် ပြုလုပ်တာတွေရှိတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ မိန်းကလေးတွေနဲ့ သူတို့ကိုကူညီပေးနေတဲ့ရှေ့နေတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်တွေကို စစ်ကောင်စီတပ်သားတွေက စစ်ကြောရေးတွေမှာ မကြားဝံမနာသာ ဆဲဆိုတာ၊ ထိကပါးရိကပါးပြောဆိုတာ၊ မိန်းကလေးတစ်ယောက်ချင်းစီ အခန်းခွဲထုတ်ပြီး အိန္ဒြေပျက် အရှက်ရ အောင် ခုံပေါ်တက်မတ်တပ်ရပ်ခိုင်းပြီး စစ်သားတွေအများကြီးက ဝိုင်းကြည့်စစ်မေးတာ မျိုးတွေရှိနေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ မိန်းကလေးငယ်တစ်ဦးကပြောပါတယ်။
အဖမ်းခံရသူတွေကို ကူညီနေတဲ့ ရှေ့နေတွေကိုလည်း စစ်ကြောရေးနဲ့အကျဉ်းထောင်တွေမှာ ရိုက်နှက်တာ၊ လိင်းပိုင်းဆိုင်ရာအရှက်ရအောင်အနိုင်ကျင့်ဖိအားပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ နေ့စဉ်ရှိနေတယ်လို့ ရန်ကုန်အခြေစိုက်ရှေ့နေတစ်ဦးက အတည်ပြု ပေပြော ပါတယ်။
ရှေ့နေတွေဟာ အချုပ်တွေ၊ အကျဉ်းထောင်တရားရုံးတွေထဲအထိ ဝင်ရောက်နေကြတာဖြစ်တဲ့အတွက် ခုလိုစစ်သားတွေက အနိုင်ကျင့်နှိပ်စက်နေတာတွေ ကို မျက်မြင်တွေ့ရသူတွေဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့လူငယ်တွေကို သက်ဆိုင်ရာနယ်မြေ ရဲအချုပ်တွေကတဆင့် မြို့နယ်အလိုက်ခွဲပြီး ကျိုက္ကဆံစစ်ကြောရေးနဲ့ ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်ကြပါတယ်။
စစ်ကြောရေးဝင်ပြီးမှ အင်းစိန်ထောင်ကိုပို့တာဖြစ်ပါတယ်။ အကျဉ်းဦးစီးလက်အောက်ခံ အင်းစိန်ထောင်ရောက်ရင်တော့ လိင်ပိုင်းအနိုင်ကျင့်တာ ရိုက်နှက်တာတွေနည်းသွားပေမယ့် စစ်ကြောရေးတွေမှာတော့ မိန်းကလေးငယ်တွေကို အရှက်ရအောင် စစ်ကောင်စီတပ်သားတွေက ပြုလုပ်နေတယ်လို့ ဆိုပါတယ်။