ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့မှာ လက်နက်မဲ့ပြည်သူတွေကို စစ်တပ်နဲ့ရဲက ကျည်ဆန်အစစ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်လို့ လူငယ် ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဧပြီ ၆ ရက် ည ၈ နာရီလောက်မှာ ရွှေညောင်ဒေသခံတွေ ထုံးစံအတိုင်း သံပုံးဒန်ခွက်တွေတီးပြီး ဆန္ဒပြချိန်မှာ စစ်တပ်နဲ့ရဲတွေက လမ်းဘေးမှာဖွင့်ထားတဲ့ ဆိုင်တွေထဲဝင်ပြီး ခြေထောက် နဲ့ကန် သေနတ်တွေနဲ့ခြိမ်းခြောက်တာလုပ်လို့ ရပ်ကွက်ကင်းစောင့်နေတဲ့လူငယ်တွေ မခံမရပ် နိုင်ဘဲ အင်အားစုကာ ဆန္ဒပြခဲ့ရာမှာ ရဲနဲ့စစ်တပ်က တညလုံးပစ်ခတ်ခဲ့တယ်လို့ ရွှေညောင်ဒေသခံ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေပိုင်းမှာ ရဲနဲ့စစ်တပ်က မြို့လည်ခေါင်မှာသွားလာတဲ့လူတွေကို စစ်ဆေးတယ်။ ဖုန်းတွေ တောင်းကြည့်တယ်၊ ည ၈ နာရီမှာ ညောင်ရွှေတမြို့လုံး ထုံးစံအတိုင်း သံပုံးတီးတော့ စစ်တပ်နဲ့ရဲက လမ်းဘေးကဆိုင်တွေ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေထဲဝင်ပြီး တံခါးကို ခြေထောက်နဲ့ကန်တာ သေနတ်နဲ့ချိန်ပြီးခြိမ်းခြောက်တယ် သံပုံးမတီးဖို့ပေါ့။ အဲဒါကို ရပ်ကွက်ထဲ ကင်းစောင့်တဲ့လူငယ်တွေမြင်ပြီး မကျေနပ်လို့ မြို့လယ်ခေါင်မှာ လူစုလိုက်တယ်။ လူက ၂၀၀ ကျော်ရောက်လာတယ်၊ သူတို့ ရုံးကြီးလမ်းအတိုင်းလျှောက်လာပြီး ဆန္ဒပြတယ်။ ရဲစခန်းနား ရောက်တော့ ခဏလေးရပ်လိုက်တာနဲ့ စပြီးပစ်ခတ်တော့တာပဲ။ လမ်းမီးတွေလည်း အကုန် ပိတ်ပစ်တယ်၊ မှောင်မှောင်မည်းမည်းထဲမှာ ဆက်တိုက်ပစ်တာ အသံဗုံးလည်းခွဲတယ်။ ကျည် အစစ်လည်း သုံးတယ်၊ အဲဒီမှာ အသက် ၂၀ ဝန်းကျင် ကလေးတယောက် ခေါင်းကို ကျည်ထိပြီး ပွဲချင်းပြီးကျဆုံးတယ်၊ ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်၊ လူစုကွဲပြီးထွက်ပြေးကြတော့ ဘယ်သူ တွေမှန်သွားလဲ မသိဘူး။”
ည ၁၁ နာရီလောက်မှာ လူစုကွဲသွားသူတွေက နောက်တခေါက် ထပ်ပြီး စုဝေးခဲ့လို့ ရဲနဲ့စစ်တပ်ကလည်း ပစ်ခတ်ခဲ့ကြောင်း၊ ဒုတိယအကြိမ်လည်း သန်းခေါင်ကျော်ထိ ဆက်ပစ်ခတ်လို့ နောက်ထပ် ကျည်ထိမှန်ဒဏ်ရာရသူရှိပြီး အရေအတွက်အတိကျမသိရပေမယ့် ပစ်ခတ်မှု ၂ ကြိမ်လုံးကနေ လူဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ညောင်ရွှေမှာ စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြမှုကို အစက လူထုသပိတ်စစ်ကြောင်းနဲ့ လုပ်ခဲ့ပြီး ရဲနဲ့စစ်တပ်တွေနေရာတိုင်းမှာ စောင့်ကြပ်လို့၊ ခုနောက်ပိုင်း ပြောက်ကျားပုံစံ ပြောင်းခဲ့ ကြောင်း၊ မနေ့ညက သပိတ်ဖြိုခွင်းမှုကတော့ လူတွေသေဆုံးဒဏ်ရာရတဲ့ထိ အဆိုးရွားဆုံး ဖြစ်ပါတယ်။