အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ ခြွင်းချက်မရှိ အခမဲ့ ကင်းလွှတ်ခွင့်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာလိုက်ပါတယ်။
ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ ဆုံးဖြတ်ချက်အရ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခတွေကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ကြေညာချက်ထုတ်ထားပါတယ်။
ဒါ့အပြင် အိမ်သုံးမဟုတ်တဲ့ အမျိုးအစားတွေအတွက် လျှပ်စစ်ောတ်အားခကျသင့်ငွေနဲ့ အခြားဝန်ဆောင်ခများ ကောက်ခံတာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး သုံးစွဲမှုယူနစ်အားလုံးအတွက်ခေတ္တ ဆိုင်းငံ့ကြောင်း မတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာပါရှိပါတယ်။
ပြည်ထောင်စုအစိုးရ လမ်းညွှန်ချက်အရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ COVID-19 ကြောင့် ပြည်သူတွေ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကြပ်တည်းခြင်းများစွာ ရှိနေခြင်းကို အထိုက်အလျောက် ပြေလျော့စေဖို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ ဓာတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ပြုခဲ့ပြီး ဖြစ်ပါတယ်။
အခုအခါ COVID-19 ကူးစက်ရောဂါကပ်ဘေးအပြင်၊ အာဏာသိမ်းစစ်အုပ်စုရဲ့ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေကြရတဲ့အပြင် လူမှုစီးပွားဘ၀များ မကြံစဖူး ထူးကဲစွာ အကြပ်အတည်း ရင်ဆိုင်နေရတဲ့ကာလ ဖြစ်နေတာကြောင့် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓာတ်အားသုံးစွဲမှုအတွက် ဓာတ်အားခကျသင့်ငွေ နဲ့ မီတာဝန်ဆောင်ခအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ခြွင်းချက်မရှိ အလုံးစုံ ကင်းလွတ်ခွင့်(အခမဲ့) ပြုလိုက်တယ်လို့ သိရပါတယ်။