Home
မြန်မာသတင်း
လှိုင်သာယာတွင် လမ်းပေါ်ဖမ်းခေါ်သူများကို ရဲမှ ငွေညှစ်၍ ပြန်လွှတ်ပေး
DVB
·
March 16, 2021

ရဲတွေဟာ လမ်းပေါ်ကလူတွေကို ဖမ်းခေါ်ပြီး ပြန်ပေးဆွဲသလိုမျိုး ငွေတောင်းပြီးမှ ပြန်လွှတ်နေတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူက ပြောပါတယ်။

ဆန္ဒပြရာမှာ ပါတဲ့သူတွေရော၊ လမ်းပေါ်က တွေ့တဲ့သူတွေကိုပါ ဖမ်းခေါ်သွားပြီးနောက် အိမ်နဲ့ ဆက်သွယ်ပြီး ငွေညှစ်နေတာပါ။

“အဲဒီနေ့ (မတ် ၁၃ ရက်) ညနေက လှိုင်သာယာကနေ ပြန်မလို့ကားစောင့်နေတုန်း အရပ်ဝတ်နဲ့ လူတယောက် အနားကိုရောက်လာပြီး ဘုရင့်နောင်လမ်းဆုံအထိ လိုက်ခဲ့လို့ရတယ်လို့ ပြောတယ်။ ကျနော်က ငြင်းပြီး ကားစောင့်နေတယ်။ ခဏနေတော့ ဟိုက်ဂျက်တစီးရောက်လာပြီး ဓားနဲ့ထောက် ကားပေါ်တင်သွားတယ်။ အပေါ်မှာ ကျနော့်လို ဖမ်းခံထားရသူ တယောက်ပါတယ်။ သမိုင်းမြို့သစ်နားရောက်တော့ မျက်စိကို အဝတ်စည်းလိုက်တယ်။ မိနစ် ၂၀ လောက် ကားဆက်မောင်းတယ်။ ပြန်ဖွင့်တဲ့အချိန်မှာ ရဲစခန်း တခုထဲက အချုပ်ခန်းထဲ ရောက်နေပြီ” လို့ ပြောပါတယ်။

အချုပ်ခန်းရှေ့ရောက်ချိန်မှာပဲ သူ့လို ဖမ်းခံရပုံရှိတဲ့ လူ ၁ ယောက်ကို အချုပ်ထဲက ထုတ်သွားတယ်လို့ သူက ဆိုပါတယ်။

အချုပ်ခန်းထဲမှာ လူ ၄ ယောက်ရှိနေပြီး နောက်ထပ်လည်း မိန်းကလေး ၂ ယောက်၊ ယောင်္ကျားလေး ၂ ယောက် ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဖုန်းတွေက သူတို့လက်ထဲမှာ။ ဖုန်းတွေလာရင် အချုပ်ထဲက လူတွေကို နာမည်ခေါ်ပြီး ဖုန်းပြောခိုင်းတယ်။ အထဲက ၃ ယောက်က အဲဒီလို ဖုန်းလာပြီး အချုပ်ထဲက ထွက်သွားရတယ်။ ကျနော်က အချုပ်ပြောင်းတာလို့ ထင်နေတာ။ ကျနော့်အိမ်ကလည်း ဖုန်းလာတယ်။ ကျနော်ဖမ်းခံထားရတယ် ဆိုတာလောက်ပဲ ပြောလို့ရတယ်။ တခြားဘာမှ မပြောအောင် ခြိမ်းခြောက်တယ်။ ကျနော်တို့ထဲက တယောက်က ဘာကြောင့်ဖမ်းထားလဲ ဆိုတာမေးတော့ ဘာကိစ္စရှိရှိ ဖမ်းချင်လို့ ဖမ်းတယ်လို့ ပြောတယ်။ ပြီးတော့ ၂ ပွင့်နဲ့ တယောက်က အထဲကို ဝင်လာပြီး ရိုက်တယ်။ သူက မျက်နှာရှည်ရှည်နဲ့” လို့ ပြောပါတယ်။

သူ့ မိသားစုဝင်တယောက်က “ညီမတို့ဖုန်းဆက်တော့ သူ(ဖမ်းခံရသူ)နဲ့ ခဏပဲ ပြောရတယ်။ ရဲတွေနဲ့ ပြောတော့ ငွေ ၃ သိန်း တောင်းတယ်။ ဒါပေမဲ့ ညီမတို့က မယုံလို့ မလွှဲပေးဘူး။ သူတို့ ပြောတဲ့ပုံက အခု ငွေလွှဲရင် အခုလွှတ်ပေးမဲ့ပုံစံ။ ဒါပေမယ့် မယုံတာ။ မနက်မှာ ထပ်ဆက်တော့ အိမ်မှာ တိုင်ပင်ပြီး ငွေလွှဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ဖုန်းနံပါတ်ကိုပဲ Wave Money နဲ့ လွှဲပေးရတာ” လို့ ပြောပါတယ်။

ဒါကြောင့် ဖမ်းခံရသူနဲ့ နောက်ကောင်လေးတယောက်ကို မျက်စိကို အဝတ်စည်းပြီးမှ အချုပ်ကားပေါ် တင်ခေါ်သွားတယ်လို့ ဆိုပါတယ်။

“ကျနော့်ရှေ့မှာ ရဲတချို့ ကြိုရှိနေသလိုပဲ။ အနားမှာတော့ အရပ်ဝတ်နဲ့ ရဲ ၂ ယောက်ပါတယ်။ ဆိုင်မှာ ငွေထုတ်ပြီး သူတို့ကို ပေးပြီးတော့ သူတို့လည်း ပြန်ထွက်သွားရော။ ကား‌ပေါ်မှာ ကျန်ခဲ့တာက အသက် ၁၉ နှစ်အရွယ်ကောင်လေးတယောက်။ သူ့မှာ ဖုန်းလည်း မပါဘူး။ ပုံစံက နွမ်းနွမ်းပဲ။ သူ့အခြေအနေတော့ မသိခဲ့ရဘူး” လို့ ဆိုပါတယ်။

သူသိခဲ့ရသလောက်တော့ ဖမ်းခံရသူတွေထဲမှာ ဆန္ဒပြနေရာမှာ ဖမ်းလာသူတွေလည်းပါသလို လမ်းပေါ်ကနေ သွားလာနေရင် ဖမ်းခံခဲ့ရသူတွေလည်းပါတယ်လို့ ဆက်ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024