ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီကနေ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက စပြီး လှိုင်သာယာမှာ ရှိတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာပြီး အခြားတိုင်းနဲ့ ပြည်နယ်မြို့တွေဆီ ထွက်ခွာနေကြပါတယ်။
နေရပ်စွန့်ခွာကြတဲ့ပြည်သူတွေဟာ ရွှေ့ပြောင်းလုပ်သားအများဆုံး ပါဝင်ပြီး လှိုင်သာယာမှာ
အရင်ထဲက နေထိုင်တဲ့သူတွေလည်း ပါဝင်ပါတယ်။
ဖျာပုံမှာနေထိုင်တဲ့ ရွှေ့ပြောင်းလုပ်ကိုင်သူ မချစ်ချောက "အဓိကက လှိုင်သာယာဆက်နေလို့ အဆင်မပြေတော့လို့ လုံခြုံမှုမရှိတော့ဘူး။ နေ့ည ပစ်ခတ်နေတော့ ဘယ်အချိန်သေနတ်မှန်မလဲ ဆိုတာ ကြောက်နေရတယ်။ စက်ရုံတွေလည်း ပိတ်လိုက်ပြီး သွားလာရတာလည်း အဆင်မပြေမတော့ လို့ ရွာမှာပဲရရာ လုပ်ကိုင်စားသောက်တော့ မယ်”လို့ ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့က လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးစနစ် အလိုမရှိကြောင်း ဆန္ဒဖော်နေတဲ့ပြည်သူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုတွေကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး လူရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
မျက်မြင်တွေ့ရှိသူတွေနဲ့ သေဆုံးသွားတဲ့မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ ပစ်ခတ်မှု ကြောင့် လူ ၇၆ ယောက်သေဆုံးခဲ့ပြီး ဒီနေ့မတ်လ၁၆ရက်နေ့မှာတော့ လူ ၄၀ကျော်ကို ထိန်ပင်သုဿန်မှာ သင်္ဂြိုဟ်မှာပါ။ ပစ်ခတ်မှုတွေပြီးတဲ့နောက်မှာတော့ ရန်ကုန်က လှိုင်သာယာ အပါအဝင် မြို့နယ် တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
လှိုင်သာယာမြို့နယ်ဟာ မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအများဆုံး လုပ်ကိုင်နေထိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ ဆယ်သိန်း ကျော်နေထိုင်ပြီး စက်ရုံအလုပ်ရုံတွေ အများဆုံးရှိတဲ့ မြို့တစ်မြို့ပါ။