စစ်တပ်အာဏာသိမ်းပြီး ၂ ရက်အကြာနေ့မှာ စစ်တပ်ရဲ့အာဏာ သိမ်းမှုကိုလက်မခံတဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသား ဖော်ပြခဲ့တဲ့ ကြံခင်းမြို့က ရဲ ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ခဲ့လို့ အချုပ်ကျခံနေရတဲ့ သား ၂ ဦး ကို မတ်လ ၁၅ ရက်နေ့က ထောင်ကိုပို့ဆောင်တော့မှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်အချို့က ဆက်သွယ်ပြောဆိုလာမှ သိရတာဖြစ်တယ်လို့ ဖခင် ဖြစ်သူ ဦးသန့် စင်က DVB ကိုပြောပါတယ်။
"အစက ကြံခင်းမှာထားတယ် အဲ့နောက်ပိုင်း ပုသိမ်က ရဲတိုင်းရုံးကို ပြောင်းပြီးချုပ်မယ်ဆိုပြီး အဆက်အသွယ်မရတော့ဘူး လိုက်သွား တော့လည်း မတွေ့ရဘူး ဒီနေ့မှ အသိထဲက ရဲက ဦးလေးသားတွေကို ထောင်ပို့တော့မယ်ပြောမှ သိရတာပါ''လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် သား ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့ နယ် ရဲတပ်ဖွဲ့မှူးကို မေးမြန်းခဲ့ရာ မှန်ကန်ကြောင်းပြောဆိုပေမယ့် သား ၂ ဦးကို ဘယ်ထောင်ပို့မယ်ဆိုတာတော့ မသိခဲ့ရဘူးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ခုလို ထောင်ဒဏ်ချမှတ်လိုက်လို့ အာဏာရှင် အလိုကျပြိုလဲသွားမှာ မဟုတ်သလို သား ၂ ဦးလုံးက အာဏာရှင် စနစ်ကို တော်လှန်ခဲ့လို့ ခုလို့ ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် ဂုဏ် ယူတယ်လို့ မိဘနှစ်ဦးက ပြောပါတယ်။
သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ် ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။
အခုလို အာဏာရှင်စနစ် အလိုမရှိ၊ အာဏာရှင်ဖိနှိပ်မှု ပြည်သူဘက်က ကာကွယ်မယ့်အကြောင်း စာတင်တာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခဲ့တာလို့ သိရပါတယ်။