မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျဆုံးခဲ့ရပြီး အခြား အမျိုးသမီးငယ်တစ်ဦး လက်ကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်ကနေ မန္တလေးဘက်ကိုလာတဲ့ စစ်တပ်နဲ့ ရဲတွေပါတဲ့ ခွေးဘီလူး ကားကို ကားလမ်းတလျှောက်က ကျေးရွာတွေက ဝိုင်းဝန်း မောင်းထုတ် ခဲ့ကြတာကြောင့် စစ်တပ်နဲ့ရဲက ကျည်တွေ ပစ်ဖောက်ကာ မောင်းပြေးခဲ့တယ်လို့ သိရပါတယ်။
ချောင်းကြီးကျေးရွာ အရောက်မှာ ပြည်သူလူထုက မေးမြန်းဖို့ ဝိုင်းဝန်းတားဆီးခဲ့ကြပြီး ပဋိပက္ခ ဖြစ်ပွားကာ ခွေးဘီလူးကားပေါ်ပါသူတွေက အကူအညီတောင်းတာကြောင့် စဉ့်ကူးနဲ့ သပိတ်ကျင်းဘက်က စစ်တပ်တွေ ရောက်လာပြီး အကြမ်းဖက် ပစ်ခတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၁၅ ရက်နေ့ ည ခုနစ်နာရီခွဲအထိ ချောင်းကြီးကျေးရွာအတွင်း စစ်တပ်က သေနတ်နဲ့ ပစ်ခတ်နေခဲ့တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။
ဒါ့အပြင် ဆုတ်ခွာသွားတဲ့ စစ်ကားနဲ့ ရဲကားတချို့ပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် ချောင်းကြီး ကျေးရွာရဲ့ တောင်ဘက်ကပ်လျက်မှာရှိတဲ့ ကျည်တောက်ပေါက်နဲ့ နွယ်ရုံကျေးရွာက လူ ၉ ဦးခန့်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။ နွယ်ရုံကျေးရွာက လူတစ်ဦး ကျဆုံးခဲ့တယ်လို့လည်း ကနဦး သိရပါတယ်။
အဆိုပါ မြို့နယ်တွေမှာတော့ မတ်လ ၁၅ ရက် ဒီကနေ့မှာ ဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။