ဝန်ထမ်းတွေကို CDM မှာ ပူးပေါင်းပါဝင်လာဖို့ မင်းလှ မြို့နယ်ထွေအုပ်နဲ့ တရားရုံးဝင်းရှေ့မှာ လူငယ်အချို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဒီနေ့ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။
လူငယ်အချို့ကတော့ မြို့နယ်ထွေအုပ်ရုံးနဲ့ တရားရုံးဝင်းရှေ့မှာ ဝန်ထမ်းတွေကို CDM မှာ ပါဝင်လာဖို့ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လူငယ်တစ်ဦးက “ညီမတို့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်လာတာက ညီမတို့ရဲ့အနာဂတ်တွေ ရိုက်ချိုးဖျက်ဆီးခံရလို့ ပါဝင်လာတာပါ။ ဝန်ထမ်းတွေကိုလည်း ညီမတို့လူငယ်တွေရဲ့ အနာဂတ်ကိုကြည့်ပြီး CDM မှာ ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုနေတာပါ” လို့ ပြောပါတယ်။
မင်းလှမြို့နယ်မှာ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ဝန်ထမ်း ၆၀၀ နီးပါး CDM မှာ ပူးပေါင်းပါဝင်ထားကြတယ်လို့ သိရပါတယ်။